ရွာငံမြို့နယ် PDF နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွား ထိခိုက်ဒဏ်ရာ ရမှုရှိနေ

ရွာငံမြို့နယ် PDF နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်ပွား ထိခိုက်ဒဏ်ရာ ရမှုရှိနေ
(DPLF) ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)မှတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲတွင်တွေ့ရစဥ်။
(DPLF) ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF)မှတပ်ဖွဲ့ဝင်များ သင်တန်းဆင်းပွဲတွင်တွေ့ရစဥ်။

သျှမ်းပြည် တောင်ကြီးခရိုင် ရွာငံမြို့နယ်အတွင်း၌ စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့  (PDF) တို့ တိုက်ပွဲဖြစ်ပွားရာ ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိနေသည်။

ပြီးခဲ့သည့်  စက်တင်ဘာလ ၆ ရက်နေ့၊ မွန်းလွဲပိုင်း ၂ နာရီဝန်းကျင် အချိန်ခန့်တွင် ရွာငံမြို့နယ်၊ ကျောက်ပချုပ် ကျေးရွာ အနီး၌ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ် ကြောင်း PDF နှင့် နီးစပ်သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ဒီနားတစ်ဝိုက်မှာ နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာမှု ရှိနေတာကတော့ ပြီးခဲ့တဲ့ လကတည်းကပါ။ မနေ့က ပစ်ခတ် မှုကတော့ နာရီဝက်လောက်ကြာတယ်။ ထိခိုက်ကျဆုံးမှုတွေလည်း ရှိတယ်။ သတင်းထုတ်ပြန် လာတာတော့ မတွေ့ရသေးဘူး” ဟု PDF နှင့် နီးစပ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်အတွင်း၌ သာစည်မြို့နယ်ဘက်မှ စစ်ကြောင်း ချီတက်လာသည့် စစ်ကောင်စီ စစ်ကြောင်းသည် ရွာငံမြို့နယ်၊ ကျောက်ပချုပ်ကျေးရွာအနီး PDF နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အရပ်သား နေအိမ်ကို စစ်ကောင်စီက မီးရှို့ ဖျက်ဆီးခဲ့ကြသည်။

နှစ်ဖက် တိုက်ပွဲကြား အရပ်သားနေအိမ် မီးရှို့ခံရသည့် အပြင် ဒေသခံ (၁၀၀) ကျော်လည်း တောထဲသို့ ခေတ္တ စစ်ရှောင်ထွက်ပြေးရကြောင်းလည်း ဖြစ်စဥ်ကို သိရှိသူ ရွာငံဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“မီးရှို့ခံရတဲ့ အရပ်သားအိမ် နှစ်လုံးထက် မနည်းဘူးတဲ့။ အဲ့ဘက်က ခေါင်လည်းခေါင်၊ မြို့နဲ့လည်း ဝေးတော့ သတင်းတွေက တက်မလာဘူး။ ကျောက်ပချုပ်ရွာခံတွေဆို တိုက်ပွဲဖြစ်လို့ တောထဲ စစ်ရှောင်သွားရတယ်။ အခု တော့ ပြန်ရောက်လာကြပြီ။ မနေ့က တိုက်ပွဲမှာ ထပ်ပြေးကြရသေးလားတော့ မသိဘူး” ဟု ဖြစ်စဥ်ကို သိရှိရသူ ရွာငံဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့သည် ရွာငံမြို့နယ်အတွင်း၌ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (Danu People’s Liberation Front) လှုပ်ရှားနေသည့် စွပ်စွဲချက်ဖြင့် စစ်ကြောင်းထိုးကာ မြေပြင် စစ်ဆေးရေး နှင့် စစ်အင်အား ဖြည့်တင်းမှု လုပ်ဆောင်နေကြောင်းလည်း ဒေသခံများက ဆိုသည်။

ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (DPLF) ကို စစ်အာဏာရှင် စနစ်ကျဆုံး၍ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေ စီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဓနုလူငယ်များနှင့် ဒေသတွင်းရှိ ပြည်သူ့ကာကွယ်တပ်ဖွဲ့များ စုပေါင်း ဖော်ဆောင်သွားမည်ဟု ဆိုပြီး ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်လာခြင်း ဖြစ်သည်။

စစ်တပ်မှ အာဏာသိမ်းပြီး နောက်ပိုင်း သျှမ်းပြည်တွင်း ၂၀၂၃ ခုနှစ် ဇွန်လအထိ စစ်တပ် နှင့် လက်အောက်ခံ အဖွဲ့များက ဒေသခံ ပြည်သူ့နေအိမ် စုစုပေါင်း (၁၈၇) အိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ထိုအထဲမှ  ရွာငံမြို့နယ်ရှိ ဒေသခံ နေအိမ် (၂၀) ကို ဖျက်ဆီးခဲ့ကြောင်း Data for Myanmar က ဇွန်လအတွင်းတွင် ထုတ်ပြန်ထားသည်။

Most read this week

October 25, 2024
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို...
October 25, 2024
သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ...
October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...
October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...