စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် ULA/ AA အုပ်ချုပ်ရေးအဖွဲ့ဝင်ကို ပြန်လွှတ်ပေး

စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် ULA/ AA အုပ်ချုပ်ရေးအဖွဲ့ဝင်ကို ပြန်လွှတ်ပေး
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် တစ်နေရာတွင် လုံခြုံရေးယူနေသည့် AA တပ်ဖွဲ့ဝင်များကို ဧပြီလက တွေ့ရစဉ်။
ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် တစ်နေရာတွင် လုံခြုံရေးယူနေသည့် AA တပ်ဖွဲ့ဝင်များကို ဧပြီလက တွေ့ရစဉ်။

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာအုပ်စု၊ ဂေါတူကျေးရွာမှ ULA/AA အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုဟန်လင်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး တစ်ရက်အကြာတွင် ပြန်လည် လွှတ်ပေးလိုက်သည်။

ကိုဟန်လင်းကို စက်တင်ဘာ ၆ ရက်၊ နေ့လည်ပိုင်းတွင် ကျောက်ဖြူမှ ရွာသို့အပြန် မြို့အဝင် ကျောက်တစ်လုံး စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခဲ့ပြီး စက်တင်ဘာ ၇ ရက် ည ၈ နာရီကျော်တွင် ပြန်လည်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

“ကျနော့်ကို မနေ့က ၈ နာရီဝန်းကျင်လောက်မှာ ပြန်လွှတ်ပေးလိုက်လို့ အခုတော့ ရွာမှာ ရောက်နေပါပြီ” ဟု ကိုဟန်လင်းက ပြောသည်။

ကိုဟန်လင်း ဖမ်းဆီးခံရသည့် စက်တင်ဘာ ၆ ရက်နေ့တွင် AA ကလည်း ကျောက်ဖြူမြို့နယ်၊ ဇင်ချာင်းကျေးရွာ အနီးမှ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးတို့ကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ULA/AA က ဖမ်းဆီးထားသူများမှာ စစ်ကောင်စီတပ် အရာရှိအဆင့် မင်းသူ၊ ရဲတပ်ဖွဲ့ဝင် သူရအောင်နှင့် မြင့်စိုးဦး တို့ဖြစ်ကြသည်။

ကျောက်ဖြူဒေခသံ ULA/AA အုပ်ချုရေးအဖွဲ့ဝင်တစ်ဦးက “သူတို့ (စစ်ကောင်စီ)ဘက်က အဖမ်းခံထားရတဲ့ လူ တွေကိုတော့ (ULA/AA)က စစ်ဆေးတာ တချို့လုပ်နေကြတယ်။ သူတို့ကို ပြန်လွှတ်ပေးဖို့၊ မပေးဖို့ကတော့ ကျနော်တို့လည်း လောလောဆယ်မှာ အတိအကျတော့ မသိရသေးပါဘူး” ဟု DMG ကိုပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ AA ပြောခွင့်ရသူ ဦးခိုင်သုခကို DMG က ဆက်သွယ်နေဆဲဖြစ်သည်။

တိုက်ပွဲရပ်တန့်နေသည့် ရခိုင်တွင် ယခုကဲ့သို့ စစ်ကောင်စီတပ်နှင့် AA တို့ကြား အပြန်အလှန် ဖမ်းဆီးမှုများ ကြောင့် စစ်ရေးပြန်လည် တင်းမာလာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

ကျောက်ဖြူမြို့နယ် လွှတ်တော်အမတ်ဟာင်း ဦးဖိုးစံက “မနေ့ ညကတော့ AA ဘက်က ဖမ်းဆီးခံလိုက်ရတဲ့သူကို ပြန်လွှတ်ပေးလိုက်ပြီလို့ သိရတယ်။ အဲ့ဒါကြောင့် စစ်တပ်က အဖမ်းခံထားရတဲ့သူတွေကို ပြန်လွှတ်ပေးမယ်လို့ တော့ သိရတာမျိုးရှိတယ်။ ဟိုဘက်ဒီဘက် သဘောတူညီချက်ကတော့ ဘယ်လိုရှိမလဲဆိုတာ သူတို့ပဲ သိမှာပေါ့” ဟု ပြောသည်။

ရခိုင်တွင် လူသားချင်းစာနာ ထောက်ထားမှုကို အခြေခံကာ စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ စတင်၍ အပစ်အခတ်ရပ်စဲခဲ့သည်မှာ ယခုအခါ ၉ လကျော် ကြာမြင့်လာပြီဖြစ်သည်။

October 25, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်မှာ...
October 25, 2024
- ချင်းပြည် မတူပီမြို့အခြေစိုက် CDF - မတူပီ တပ်မဟာ - ၁ နဲ့ တပ်မဟာ - ၂ ကြားက...
October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...
October 23, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA)တို့ စစ်ရေးတင်းမာနေပြီး မြို့နယ် ၄ ခုတွင်...