တောင်လေးလုံးမှ နိုင်/ကျဥ်းများကို နေရာ အပြောင်းအရွှေ့ပြုလုပ်

တောင်လေးလုံးမှ နိုင်/ကျဥ်းများကို နေရာ အပြောင်းအရွှေ့ပြုလုပ်
Photo - Credit
Photo - Credit

သျှမ်းပြည် တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်ရှိ တောင်လေးလုံး အကျဥ်းထောင်မှ အကျဥ်းသားအချို့ကို ထောင် ပိုင် တာဝန်ရှိသူများမှ နေရာအပြောင်းအရွှေ့ဖြင့် နေရာအသီးသီးသို့ ပို့ဆောင်နေသည်။

နိုင်/ကျဥ်းများကို ထောင်အပြောင်းအရွှေ့လုပ်နေခြင်းနှင့် ပတ်သက်၍ ပြီးခဲ့သည့် မတ်လအတွင်းမှ စတင်ကာ လက်ရှိ စက်တင်ဘာလအထိ လူဦးရေ အကန့်အသတ်ဖြင့် ပို့ဆောင်နေခြင်းဖြစ်ကြောင်း ဖြစ်စဥ်ကို သိရှိသူ ရှေ့ နေတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မတ်လထဲမှာ တောင်လေးလုံးက ထောင်ဖောက်မှု ဖြစ်ခဲ့တယ်လေ။ အဲ့ဒီထောင်ဖောက်မှု မဖြစ်ခင် ဒီက နိုင်/ကျဥ်း တစ်သုတ်ကို အင်းစိန်ထောင် ပို့ခဲ့ဖူးတယ်။ ထောင်ဖောက်မှု ဖြစ်ပြီးတဲ့နောက် အင်းစိန် ထောင်ရော၊ သာ ယာဝတီရော၊ အိုးဘိုထောင်ရော စတဲ့နေရာတွေကို လူဦးရေ အကန့်အသတ်နဲ့ တစ်သုတ်ပြီး တစ်သုတ် ပို့ တာ” ဟု ဖြစ်စဥ်အား သိသူ ရှေ့နေတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် နိုင်/ကျဥ်း မဟုတ်သည့် အခြားပုဒ်မဖြင့် ဖမ်းဆီးခံထားရသည့် တောင်လေးလုံးတွင် အကျဥ်းကျ နေသူ များကိုလည်း နာမည်ကြီး ရဲဘက်စခန်းများထံသို့ ပို့ဆောင်ခြင်း ခံရကြောင်းလည်း အထက်ပါ ရှေ့နေက ဆက် ပြောသည်။

နာမည်ကြီး ရဲဘက်စခန်းဆိုသည်မှာ အလုပ်ကြမ်း နှင့် ထောင်ဒဏ်ချမှတ်ခံရသူများကို ထိန်းသိမ်းထားသည့် အကျဉ်းထောင်များဖြစ်ပြီး မန္တလေး - ထုံးဖို အကျဥ်းထောင်၊ မတ္တရာ အကျဉ်းထောင်တို့ ဖြစ်သည်။

လက်ရှိ တောင်လေးလုံးမှ မန္တလေး၊ အိုးဘိုထောင်သို့ ပို့ဆောင်ခြင်းခံရသည့် နိုင်/ကျဥ်းများထဲမှ ကိုခိုင်မြင့်ထွန်း (ခ) ရွှေလင်းသစ် လည်း အပါအဝင်ဖြစ်ပြီး အခြား နိုင်/ကျဥ်းများလည်း ပါဝင်ကြောင်း နိုင်/ကျဥ်း မိသားစုဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နိုင်/ကျဥ်းမိသားစုဝင် တစ်ဦးက “မော်စီး (ရွှေ့လင်းသစ်) ကတော့ တစ်ဦး အပါအဝင်ပေါ့။ တခြား နိုင်/ကျဥ်းတွေ ကိုလည်း စာပို့ အကြောင်းကြား တာ ရှိတယ်။ တချို့ကျတော့လည်း လူကြုံ အကြောင်းကြားတာမျိုးပေါ့။ မော်စီး ကကျတော့ သူ့အမှုက ၁၀ နှစ် ချမှတ်ခံထားရတယ်လေ။ သူနဲ့အတူ ပြောင်းခံရတဲ့ တခြားသူတွေက ဘယ်သူတွေ လဲ ဆိုတာတော့ မသေချာဘူး” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုခိုင်မြင့်ထွန်း (ခ) မော်စီး (ခ) ရွှေလင်းသစ် သည် သျှမ်းပြည် အခြေစိုက်သတင်းဌာန တစ်ခုမှ သတင်းထောက် ဟောင်း တစ်ဦးဖြစ်ပြီး တောင်ကြီးမြို့နေအိမ်၌ ရှိနေစဥ်တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁-ဂ ဖြင့် အမှုဖွင့်တရားစွဲဆိုကာ ဖမ်းဆီးခံရခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဧပြီလ (၅) ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခံရခြင်း ဖြစ်ပြီး လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အိုးဘိုထောင်သို့ ပြောင်းရွှေ့ခံရခြင်း ဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စက်တင်ဘာလ (၆) ရက်နေ့ ထုတ်ပြန် ချက်အရ စစ်အာဏာရှင် ဆန့်ကျင်ရေးတွင် ကျဆုံးသူ စုစုပေါင်း (၄,၀၄၇) ဦး၊ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၁၉,၄၂၄) ဦးရှိနေပြီး (၇,၂၆၂) ဦးက ထောင်ဒဏ်ချမှတ်ခံရကြောင်း သိရသည်။

October 25, 2024
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို...
October 25, 2024
သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ...
October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...
October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...