ကလေးမြို့နယ်က ကာလရှည်ကြာ စစ်ဘေးရှောင်နေကြရသူများ စားနပ်ရိက္ခာ အကူအညီ လိုအပ်နေ

ကလေးမြို့နယ်က ကာလရှည်ကြာ စစ်ဘေးရှောင်နေကြရသူများ စားနပ်ရိက္ခာ အကူအညီ လိုအပ်နေ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ နေအိမ်မီးရှို့မှုနှင့် စစ်ရေးပဋိပက္ခကြောင့် ကာလရှည် ကြာ စစ်ဘေးတိမ်းရှောင်ခဲ့ကြရသော စစ်ရှောင်ပြည်သူများသည် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြ သည်။

စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲများအကြား တိုက်ပွဲများ ဖြစ်ပွားမှု၊ စစ်ကောင်စီတပ်မှ ပြည်သူ့နေအိမ်များ မီးတင်ရှို့ဖျက်ဆီးမှုများကြောင့် ကလေးမြို့နယ်အတွင်းရှိ အထူးသဖြင့် ကလေးတောင်ပိုင်းဒေသက သောင်းနှင့်ချီသော ပြည်သူများသည် နေရပ်မှ စွန့်ခွာ ထွက်ပြေးနေကြ ရသည်မှာ ၂ နှစ်ကျော် ကြာြမင့်လာပြီ ဖြစ်သည်။

စစ်ဘေးရှောင်များသည် နေ့စဉ် စားဝတ်နေရေးအတွက် ၎င်းတို့ တတ်နိုင်သည့်ဘက်မှ ရုန်းကန်လှုပ်ရှားနေကြ သော်လည်း ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေမှုကြောင့် ဝင်ငွေနှင့်ထွက်ငွေမမျှဘဲ အခက်အခဲများကြုံ နေကြရကာ အထူးသဖြင့် အခြေခံ စားနပ်ရိက္ခာများ လိုအပ်နေသည်ဟု ကလေးမြို့နယ် စစ်ဘေးရှောင်ကူညီရေး အဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောသည်။

“အခုချိန်မှာ ကောက်သစ်လဲမပေါ်သေးဘူးဆိုတော့၊ ဆန်းဈေးတွေကလဲ အင်မတန်မြင့်တယ်ဗျာ၊ ဆန် တစ်တင်း မှာ ၈၅၀၀၀ ကျော်တယ်ဗျာ၊ တစ်အိတ်ဆို ၁၃၀၀၀၀ လောက်ရှိတယ်။ စစ်ဘေးရှောင်အချို့က အလုပ်လုပ်ကြ တယ်။ ဒါပေမဲ့ သူတို့ရတဲ့ပိုက်ဆံနဲ့ မလောက်ဘူးဖြစ်နေတော့ တော်တော်လေးအဆင်မပြေဖြစ်နေကြတယ် သူတို့ ဝင်ငွေနဲ့ ထွက်ငွေမမျှဘူးပေါ့ဗျာ။ အခုချိန်မှာ အလှူရှင်များရှိရင် ရိက္ခာပိုင်းကို အဓိက အကူအညီတောင်းချင်တာ ပေါ့” ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ရှောင်ပြည်သူများသည် NUG အစိုးရ လက်အောက်ရှိ လူသားချင်းစာနာ ထောက်ထားရေးအဖွဲ့များ၊ ပြည်တွင်း/ပြည်ပ အရပ်ဘက် အဖွဲ့အစည်းများမှ ကူညီထောက်ပံ့မှုများ ရှိသော်လည်း အလှူရှင်များ ယခင်ထက် ပိုမိုနည်းပါးလာ‌သည့် အတွက် စားနပ်ရိက္ခာပိုင်းမှာ အခက်အခဲကြုံလာကြရသည်ဟု ဆိုသည်။

ကလေးမြို့နယ် တောင်ပိုင်းဒေသတွင် စစ်ရှောင်စခန်း ၁၃ ခုရှိပြီး အဆိုပါ စစ်ဘေးရှောင် စခန်းများတွင် နေထိုင် သူ စစ်ဘေးရှောင်ပြည်သူ ၃၀၀၀၀ ခန့် ရှိသည်ဟု ဆိုသည်။

ယခုကာလသည် လယ်ယာစိုက်ပျိုး ရိတ်သိမ်းကာလဖြစ်သည့် အလျောက် စပါးစိုက်ခြင်း၊ နှမ်းခုတ်ခြင်း၊ မြေပဲ နှုတ်ခြင်း၊ ပြောင်းဖူးချိုးခြင်း စသည့် လုပ်ငန်းများလုပ်ကိုင်ကာ စား၀တ်နေရေးအတွက် ဖြေရှင်းနေရသည်ဟု ဆိုသည်။

မိုးရာသီကာလအတွင်း စစ်ရှောင်ပြည်သူများနေထိုင်သည့် ယာယီစခန်းများမှာ နေပူတစ်လှည့် မိုးရွာတစ်လှည့် ကြောင့် အမိုးအကာများ ကြာရှည်မခံဘဲ ဆွေးမြည့်ကာ ပျက်ဆီးမှုများ ကြုံနေကြရသောကြောင့် ပြန်လည် ပြု ပြင်နိုင်ရန် အမိုးအကာများ လိုအပ်နေကြောင်းလည်း စစ်ဘေးရှောင် ကူညီပေးနေသူက ပြောသည်။

“အဓိကလိုအပ်တာက ဆန်နဲ့ရိက္ခာတွေပေါ့နော်၊ နောက်တစ်ခုကတော့ အမိုးအကာပေါ့ မိုးကာတချက်က တစ်နှစ် တောင်မှ အလောခံတာ။ နေပူလိုက် မိုးရွာလိုက်ဆိုတော့ ဆွေးတော့တာလေ အဲဒါကြောင့် စစ်ဘေးရှောင်တွေ အတွက် ပထမက ရိက္ခာပိုင်းလိုအပ်တယ် ဒုတိယအချက်က အမိုးအကာလိုအပ်တယ်ဗျ” ဟု ၎င်းက ပြောသည်။

ယခုလက်ရှိတွင် ကလေးမြို့တောင်ပိုင်းတွင်သာ စစ်‌ရှောင်စခန်းများ တည်ဆောက်ပေးနိုင်ခြင်းဖြစ်ပြီး ကလေးမြို့ မြောက်ပိုင်းတွင် စစ်ရှောင်စခန်းများ တည်ဆောက်ပေးနိုင်ခြင်းမရှိသေးသဖြင့် အချို့ စစ်ဘေးရှောင် ပြည်သူများ မှာ ဆွေမျိုး၊ မိတ်ဆွေ အသိများထံ ခုံလုံနေကြသူများလည်း ရှိသည်။

ယခုကဲ့သို့ စစ်ဘေးရှောင်နေစဉ်အတွင်း ကျောင်းနေအရွယ် ကလေးများ ပညာသင်ယူနိုင်ရန် ကလေးမြို့နယ် CDM ကျောင်းဆရာ/ဆရာများနှင့် လုပ်အားပေးသူဆရာ/ဆရာမ ၄၀၀ ကျော်က စစ်ရှောင်ကလေး အယောက် ၁၀၀၀ ကျော်အတွက် ပညာသင်ပေးနေကြောင်း သိရသည်။

ထို့နောက် စစ်ဘေးရှောင်ပြည်သူများ၏ ကျန်းမာရေးအတွက် People Health Care အဖွဲ့မှ လှည့်လည်ကြည့်ရှု ပေးသည့်အပြင် NUG အစိုးရ လက်အောက်ရှိ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုပေးသည့် ဆေးခန်းများတွင် ကျန်းမာရေး စောင့်လျှောက်မှုများ ပေးနိုင်ကြောင်း စစ်ရှောင်ကူညီပေးနေသူက ပြောသည်။

စစ်ဘေးရှောင်ပြည်သူများသည် တော်လှန်ရေး စစ်ရှောင်ပြည်သူများ ဖြစ်ကြသည့်အတွက် စစ်အာဏာရှင် တော် လှန်ရာတွင် ရေရှည်တောင့်ခံနိုင်ရန် ပြည်တွင်းပြည်ပ အလှူရှင်းများ၏ ကူညီပံ့ပိူမှုများ လိုအပ်ကြောင်း ကလေး မြို့နယ် စစ်ဘေးရှောင်များ ကူညီရေးအသင်းမှ တာ၀န်ရှိသူက ပြောသည်။

“ဒီတော်လှန်ရေးက လူထုတော်လှန်ရေး ဖြစ်တယ်ဗျ။ အခု စစ်ရှောင် ပြည်သူတွေကလည်း သာမန်စစ်ရှောင်တွေ မဟုတ်ဘူး။ တော်လှန်ရေး စစ်ရှောင်တွေ ဖြစ်ကြတယ်။ စစ်အာဏာရှင်လက်‌အောက်မှာ မနေချင်လို့ ဒီတော်လှန်‌ ရေးကို အားပေးထောက်ခံပြီးခါမှ ထွက်ပြေးလာတဲ့ သူတွေဖြစ်တယ်ဗျ။ ဒါကြောင့် သူတို့ ရေရှည်ခံနိုင်ဖို့ တောင့် တင်းဖို့ လိုအပ်တယ်၊ စစ်ရှောင်တွေ၊ ပြည်သူတွေ ပြိုလဲသွားလို့ ကျွန်တော်တို့ တော်လှန်ရေးမှာ လက်နက် ဘယ် လောက်ပဲရှိရှိ အောင်မြင်မှုနဲ့ အလှမ်းဝေးအုံးမှာ ဖြစ်တယ်၊ ဒါကြောင့် စစ်ရှောင်ပြည်သူများ ရေရှည်တောင့်တင်း နိုင်ဖို့ ပြည်တွင်းပြည်ပက အလှူရှင်များ ပါဝင်အားဖြည့်ဖို့ တောင်းခံချင်ပါတယ်” ဟု ပြောသည်။

ယခုလက်ရှိ ကလေးမြို့နယ်တွင် စစ်ကောင်စီ၏ ရွာလုံးကျွတ်မီးရှုခံရမှုကြောင့် စစ်ဘေးရှောင်စခန်းတွင် နေထိုင် ကြသော ကျေးရွာ ၇ ရွာမှ စစ်ရှောင်ပြည်သူ အယောက် ၂၀၀၀၀ နီးပါးနှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် ခေတ္တ စစ်ရှောင်ပြည်သူများ အပါအဝင် စစ်ရှောင်ပြည်သူ ၃၀၀၀၀ ကျော်ရှိသည်။

ပုံစာ - ကလေးတောင်ပိုင်း ကြံသာစစ်ဘေးရှောင်စခန်း

Most read this week

October 25, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဩဇာတိက္ကမအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် မီဇိုးလူ...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 23, 2024
ချင်းပြည်မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မည့် NGO/INGO များအနေဖြင့်...