ULA နှင့် ဆွေးနွေးမှုမရှိဘဲ စစ်ကောင်စီ၏ ဒုက္ခသည်ပြန်လည်လက်ခံရေး အောင်မြင်မည်မဟုတ်ဟုဆို

ULA နှင့် ဆွေးနွေးမှုမရှိဘဲ စစ်ကောင်စီ၏ ဒုက္ခသည်ပြန်လည်လက်ခံရေး အောင်မြင်မည်မဟုတ်ဟုဆို

စစ်ကောင်စီသည် ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များအား မြန်မာနိုင်ငံသို့ ပြန်လည်လက်ခံရေး ဆောင်ရွက်နေမှုကို ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA)နှင့် တစ်စုံတရာ ဆွေးနွေးမှုမရှိဘဲ လုပ်ဆောင်နေပါက အောင်မြင်မှုရရှိနိုင်မည် မဟုတ်ဟု လေ့လာသူများက သုံးသပ်ပြောသည်။

ရခိုင်တွင် နယ်မြေအများစုကို ပိုင်ဆိုင်ထားနိုင်ပြီ ဖြစ်သည့် ULA အစိုးရကို ထိုကိစ္စနှင့် ပတ်သက်ပြီး ဆွေးနွေး ပြောဆိုရန်လိုကြောင်း ထိုသို့မဟုတ်ပါက ယခုကိစ္စမှာ အောင်အောင်မြင်မြင်ဖြင့် အကောင်အထည် ပေါ်လာ နိုင်စရာမရှိဘူးဟု ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက သုံးသပ်ပြောသည်။

“ULA/AA က ထိန်းချုပ်နယ်မြေအများကြီးလွှမ်းမိုးထားတဲ့ချိန်ကာလမှ စစ်ကောင်စီအနေနဲ့ ULA  အစိုးရ ကို ဘာမှဆွေးနွေးမှုမရှိဘဲ တစ်ဖက်သတ်သွားနေမယ် ဆိုရင် လက်ခံရေး ကိစ္စအောင်မြင်မယ်လို့မထင်ဘူး” ဟု ပြောသည်။

စစ်ကောင်စီသည် နိုင်ငံတကာ၏ ဖိအားများကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်များအား ပြန်လည် လက်ခံ ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ပြန်လည်ဝင်ရောက်လာမည့် ဒုက္ခသည်များအတွက် မောင်တောဒေသတွင် စစ်ကောင်စီဘက်က ကြိုတင် ပြင် ဆင်ထားသည်များကို မြန်မာနိုင်ငံအခြေစိုက် နိုင်ငံသံရုံး ၁၆ ခုမှ အကြီးအကဲများနှင့် သံတမန်များကို စစ်ကောင်စီ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့်အဖွဲ့က ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့တွင် သွားရောက် ပြသခဲ့သေးသည်။

၎င်းတို့အဖွဲ့သည် စစ်တွေမြို့သို့ စက်တင်ဘာလ ၁ ရက်နေ့တွင် လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့ပြီး နောက်တစ် ရက်တွင် စစ်တွေမှတဆင့် စစ်ရဟတ်ယာဉ်များဖြင့် မောင်တောမြို့နယ်သို့ သွားရောက်ခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ခရီးစဉ်တွင် တောင်ပြိုလက်ဝဲ ပြန်လည်လက်ခံရေးစခန်း၊ ပြန်လည်ဝင်ရောက်လာမည့် နေရပ်စွန့်ခွာသူ များအား ပြန်လည်နေရာချထားမည့် ကြိမ်ချောင်း(တောင်) ကျေးရွာနှင့် လှဖိုးခေါင် ယာယီ နေရာချထားရေး စခန်းများသို့ သွားရောက်ကြည့်ရှုခဲ့ကြသည်။

ထိုအဖွဲ့တွင် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်း ပေါင်း စပ်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ (၁)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကို လှိုင်၊ စစ်ကောင်စီဥက္ကဋ္ဌ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာရင်ရင်နွယ်၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူးနှင့် သံရုံး ၁၆ ခုမှ အကြီးအကဲများနှင့် သံတမန်များ ပါဝင်သည်။

အဆိုပါသံရုံး ၁၆ ခုမှာ မည်သည့် နိုင်ငံသံရုံးများ ဖြစ်ကြောင်းကိုမူ စစ်ကောင်စီဘက်က ပွင့်လင်းမြင်သာစွာ ထုတ် ပြန်ထားခြင်း မရှိပေ။

ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လက်ထက်ကပင် ကြိုးပမ်းလာခြင်း ဖြစ် သော်လည်း အထမမြောက်ခဲ့သလို လက်ရှိတွင်လည်း စစ်ကောင်စီက ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ နိုင်ငံ တကာကို ခေါ်ပြရုံ အဆင့်သာရှိပြီး အောင်မြင်ဖို့ ခဲယဉ်းကြောင်း ဘူးသီးတောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ပြောသည်။

လက်ရှိ ရခိုင်ပြည်တွင်းသို့ ARSA အဖွဲ့စိမ့်ဝင်လှုပ်ရှားနေ၍ လူထုစိုးရိမ်မှုမြင့်တက်နေသည့် ကာလမျိုးတွင် စစ်ကောင်စီ၏ ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များမှာ အောင်မြင်မှုရရှိမည်ဟု မထင်ကြောင်း သူက ဆက် ပြော သည်။

ဦးအောင်သောင်းရွှေက “ဒီနေ့အနေအထားမှာ ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း ARSA တွေ သတ်ဖြတ်မှုတွေ ဖြစ်နေ တာတွေ ရှိတယ်။ ရခိုင် ပြည်တွင်းကိုလည်း အခုဝင်ရောက်ပြီးတော့ သောင်းကျန်းနေတာတွေလည်း ကြားရ တယ်။ လူထုအတွင်း စိုးရိမ်မှု ရှိနေကြတဲ့ အနေအထားပေါ့။ အဲဒီလိုအနေအထားမှာ ပြန်လည်လက်ခံရေး ဆိုတာ က ဘယ်လောက်ထိ ဖြစ်နိုင်မလဲ” ဟုလည်း မေးခွန်းထုတ်သည်။

နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး စစ်ကောင်စီ၏ ဆောင်ရွက်ထားချက်များကို ပြီးခဲ့သည့် မတ်လ ၈ ရက် နေ့ကလည်း အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံ သံရုံးအကြီးအကဲများက စစ်ကောင်စီ ခေါင်းဆောင်သော အဖွဲ့နှင့် အတူ မောင်တောဒေသသို့ သွားရောက်ကြည့်ရှုခဲ့သေးသည်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)ပြောခွင့်ရသူ ဦးခိုင်သုခကလည်း စစ်ကောင်စီ၏ ယခု ဆောင်ရွက်ချက်မှာ နိုင်ငံတကာအမြင်ကောင်းအောင် ဟန်ပြသဘောမျိုး လုပ်ဆောင်နေခြင်းသာဖြစ်သည်ဟု ဝေဖန်ပြောဆိုထားသည်။

ဖေဖော်ဝါရီ ၂၇ ရက်၊ နံနက် ၁၀ နာရီတွင် ပြုလုပ်သည့် ULA/AA ၏ သတ္တမအကြိမ်မြောက် သတင်းစာရှင်း လင်းပွဲတွင် ထည့်သွင်းပြောဆိုထားသည်။

“မူဆလင်တွေကို ပြန်လည်လက်ခံဖို့လုပ်နေတယ်ဆိုတဲ့ကိစ္စက ဟန်ပြဖြစ်ဖို့များပါတယ်။ ဘာကြောင့်လဲဆိုရင် ရခိုင်ပြည်နဲ့ FPNCC  အဖွဲ့ဝင်တချို့ နယ်မြေတွေကလွဲလို့ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် တည်ငြိမ်မှုမရှိ၊ လုံခြုံရေးအရလည်း စိတ်မချရသေးတဲ့အခြေအနေမှာ အခုလို လက်ခံဖို့ လုပ်ပြနေတာက အဲဒီကိစ္စမှာ စစ်ကောင် စီ ဘက်က နိုင်ငံရေးနောက်ခံ စဉ်းစားချက်တွေ အများကြီး ပါနေနိုင်တယ်လို့ ကျနော်တို့ သုံးသပ်ပါတယ်” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်ရှိ မွတ်ဆလင် ဒုက္ခသည်များကမူ မြန်မာနိုင်ငံသို့ ပြန်လည် ဝင်ရောက်လာရာတွင် မိမိနေရပ်ကို ဂုဏ်သိက္ခာရှိရှိ ပြန်လာနိုင်ရေး၊ မူလနေရပ်များတွင် ပြန်လည်နေရာ ချထားပေးရေး၊ နိုင်ငံသား အခွင့်အရေး ပေး ရန်နှင့် လုံခြုံရေး အာမခံချက်ပေးရေးစသည့်အချက် (၃) ချက်ကို မြန်မာစစ်ကောင်စီက အပြည့်အဝပေးရန် တောင်းဆိုလျက်ရှိသည်။

ဒုက္ခသည်များနှင့် နီးစပ်သည့် မွတ်ဆလင်တစ်ဦးက “တောင်းဆိုထားတဲ့ အချက် ၃ ချက်ကို စစ်ကောင်စီဘက်က လိုက်လျောပေးမယ်ဆိုရင်တော့ ဒုက္ခသည်တွေ ပြန်ဝင်လာဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က ဒုက္ခ သည်တွေ တောင်းဆိုချက်တွေကို လိုက်လျောမပေးတဲ့အတွက် အခုလိုကြန့်ကြာနေတာပါ” ဟု ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၆ နှင့် ၂ဝ၁၇ ခုနှစ်များက မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်တွင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခအတွင်း မြန်မာစစ်တပ်၏နယ်မြေရှင်းလင်းမှုကြောင့် မွတ်ဆလင် ၇ သိန်းခန့် တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုငံ သို့ ထွက်ပြေးတိမ်းခဲ့ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - စစ်ကောင်စီအဖွဲ့နှင့်အတူ သံရုံးတာဝန်ရှိသူများ စက်တင်ဘာလ ၂ ရက်က မောင်တော ဒေသသို့ သွားရောက်ကြည့်ရှုခဲ့ကြစဉ်။ (Photo – MOI)

October 28, 2024
တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင် ထောင်နှင့်ချီပြီး ပိတ်မိနေကာ ရိက္ခာ...
October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...
October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...