ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့၏ အကူအညီရရေး ဒီးမော့ဆိုက စစ်ရှောင်များ မျှော်လင့်နေ

ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့၏ အကူအညီရရေး ဒီးမော့ဆိုက စစ်ရှောင်များ မျှော်လင့်နေ

စစ်ပွဲကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည့် ကရင်နီပြည်က ပြည်သူများမှာ နိုင်ငံတကာအကူအညီများ အနက် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ၏ ထောက်ပံမှုကို ရရှိနိုင်ဖို့ မျှော်လင့်နေကြသည်။

ကရင်နီ (ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ဘက်ခြမ်းတွင် စစ်ရှောင်နေသည့် စစ်ရှောင်ပြည်သူတစ်ဦး ဖြစ်သော ဒေါ်စိန်ဖိုလျားနာက သူမတို့နေထိုင်သည့် စစ်ရှောင်စခန်းတွင် မကြာခဏ ရိက္ခာများ ပြတ်လတ်မှုနှင့် ကြုံတွေ့နေရခြင်းကြောင့် နိုင်ငံတကာအကူအညီများ ရဖို့ မျှော်လင့်နေသည်ဟု ပြောသည်။

“ဖြစ်နိုင်ရင်တော့ ကျမတို့ကို ပစ်မထားနဲ့လို့ ကျမတောင်းဆိုချင်တယ်။ ကျမတို့ဆီကိုလည်း ရောက်အောင် မြန် မြန်လာပေးကြပါလို့ ကျမတောင်းဆိုချင်တယ်။ ကျမတို့ရသင့်ရထိုက်တဲ့ အခွင့်အရေးလည်း ကျမတို့တစ်ခါမှ မရတော့ အခုတော့ ကျမတို့ကိုလည်း ပေးခိုင်းစေချင်တယ်ပေါ့။ အဲ့ဒီအခွင့်အရေးတွေရချင်တယ်” ဟု  ဒေါ်စိန်ဖိုလျားနာ က ပြောသည်။

စစ်ရှောင်ကာလ ၂ နှစ်ကျော်အတွင်း ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်များသည် စား၀တ်နေရေး အခက်အခဲ အပြင် ငွေရေးကြေးရေး အကြပ်အတည်းကိုလည်း ပိုရင်ဆိုင်လာရသည်ဟု ဆိုသည်။

ထို့ကြောင့် နိုင်ငံတကာမှ အကူအညီများကို ရချင်သည်ဟု ဒေါ်စိန်ဖိုလျားနာက ပြောသည်။

လက်ရှိတွင် လွိုင်ကော်မြို့ကို တိမ်းရှောင်နေသည့် စစ်ဘေးရှောင်များအတွက် ကမ္ဘာ့ စားနပ်ရိက္ခာ ထောက်ပံ့ ကူညီရေးအဖွဲ့ ဖြစ်သော WFP က ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ စသည်တို့ကို လစဉ်ထောက်ပံ့ပေးနေသည်ဟု လွိုင် ကော်မြို့ရှိ စစ်ရှောင်များက ပြောသည်။

ထို့ကြောင့် ဒေါ်စိန်ဖိုလျားနာက “ရတဲ့ဖက်က ရလို့၊ နောက် ကျမတို့ဖက်ကျတော့ တစ်ခေါက်မှ မရောက်လာဘူး။ ကျမတို့လည်း ဒီမြန်မာနိုင်ငံထဲက ပြည်သူထဲက ပြည်သူပါပဲ။ ကျမတို့ကိုကျတော့ စစ်ရှောင်ချင်းအတူတူ ဘ၀တူ တွေ အကုန်ပဲ ဒါကြောင့် ကျမတို့ကိုလည်း ရောက်အောင် ကျမတို့ဆီလာပေးကြပါ။ လာခိုင်းစေချင်တယ်” ဟု ဆက် ပြောသည်။

သို့သော် ဒီးမော့ဆို မြို့တွင်းရှိ စစ်ဘေးရှောင်များထံသို့ WFP ၏ ထောက်ပံ့မှု တစ်စုံတစ်ရာ မရောက်ရှိလာသေး ဘူးဟု ဒီးမော့ဆိုမြို့နယ် စစ်ရှောင်စခန်းက ကော်မတီဝင်တစ်ဦးဖြစ်သည့် ဦးဂျော်နီက ယခုကဲ့သို့ ပြောသည်။

“မရခဲ့ဖူးဘူး။ ၂ နှစ်ကျော် ၃ နှစ်ပြည့်တော့မယ် မရခဲ့ဖူးဘူး။ သူတို့ပြောခဲ့သေးတယ်။ ဒီးမော့ဆို၀င်လာဖို့ဆို သူ့ စီမံကိန်းရှိခဲ့တယ်။ ဟိုတုန်းက WFP က။ ဒါပေမယ့် ကုန်တွေရောက်လာတိုင်း သူ့ဟာမဖြစ်ဘူး။ နောက် ၂၁ မှာ လည်း စစ်ရှောင်နေရတယ်။ ဒါလည်း ဒီးမော့ဆိုဖက် သူမရောက်လာဘူး။ တကယ်တော့ သူ့စီမံကိန်းက ဒီးမော့ဆို ဖက်၀င်လာရမယ် ဆိုတာ ကြားသိထားပြီးသားပဲ” ဟု ပြောသည်။

စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များ၏ နေထိုင်စားသောက်မှုပုံစံကိုလည်း နိုင်ငံတကာက တာ၀န်ရှိသူများ ကိုယ် တိုင် လာကြည့်ခိုင်းစေချင်သည်ဟု စစ်ရှောင်များက ပြောသည်။

စစ်ရှောင်တစ်ဦးဖြစ်သူ ဒေါ်ရိုမားနာက “ဒီစစ်ရှောင်စခန်းတိုင်းကို လာပြီးတော့ကြည့်ပါလို့။ ဘယ်လို နေထိုင် စား သောက်ကြလဲ၊ ဘယ်လိုလုပ်ကိုင်ကြလဲ၊ ဆိုတာ လာပြီးတော့ လက်တွေ့ဆင်းပြီးတော့ လာကြည့်ကြလို့ရ ပါတယ်လို့။ လာနိုင်ရင်ကောင်းတာပေါ့” ဟု ပြောသည်။

WFP ၏ မြေပြင်က တာဝန်ရှိသူများကို ထောက်ပံ့ရေးကိစ္စနှင့် ပတ်သတ်၍ ကန္တာရဝတီတိုင်း(မ်) က တယ်လီဖုန်း နှင့် ဆက်သွယ်မေးမြန်းနိုင်ရေး ကြိုးစားခဲ့ပေသော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်းမရှိခဲ့ပေ။

လက်ရှိ ကရင်နီပြည်နယ်တွင် စစ်ဘေးရှောင် ၂သိန်းခွဲကျော်ရှိနေပြီး အများစုက တိုက်ပွဲဖြစ်ပွားနေသည့် ဒီးမော့ ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်ထဲ စစ်ရှောင်နေကြရခြင်း ဖြစ်သည်။

Most read this week

October 28, 2024
ကရင်နီပြည် ကြားကာလ‌ အုပ်ချုပ်ရေးကောင်စီ (IEC) ပြည်ထဲရေးဌာန ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့်...
October 26, 2024
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းမှာ ဆေးဝါးပြတ်လပ်မှုရှိတာ ကြာမြှင့်နေပြီး...
October 25, 2024
ပြီးခဲတဲ့ စက်တင်ဘာလအတွင်းက မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် ကရင်နီပြည် ၊...
October 24, 2024
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့ လွတ်လပ်သော မြန်မာသတင်းမီဒီယာ ကောင်စီ (IPCM)...