ကျန်းမာရေး ပြဿနာများ ဖြေရှင်းဆောင်ရွက်ရန် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ဒေါက်တာစင်သီယာမောင် ပြော

ကျန်းမာရေး ပြဿနာများ ဖြေရှင်းဆောင်ရွက်ရန် ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ဒေါက်တာစင်သီယာမောင် ပြော

ဒေသတွင်း ကျန်းမာရေး ပြဿနာများ ဖြေရှင်းရာတွင် ဝန်ထမ်းများ အချင်းချင်းသာမက ဒေသဆိုင်ရာ ခေါင်း ဆောင်များ၏ ပူးပေါင်းဆောင်ရွက်မှုပါ လိုအပ်ကြောင်း မယ်တော် ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာ မောင်က ထိုင်း-မြန်မာ နယ်စပ် တစ်နေရာတွင် ပြုလုပ်သည့် ကော်သူးလေ Medic Training (ဆေးမှူး သင်တန်း) ဆင်းပွဲအခမ်းအနားတွင် ပြောဆိုလိုက်သည်။

ကရင်ကျန်းမာရေးနှင့် ကယ်ဆယ်ရေးဌာန-KDHW နှင့် Hope 4 the world တို့မှ ဦးစီးကျင်းပသည့် အပတ်စဥ် (၁၀) ကြိမ်မြောက် အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားတွင် ဒေါက်တာစင်သီယာမောင်က အမှာစကား ပြော ကြားရာတွင် ထိုသို့ထည့်သွင်း ပြောကြားထားခြင်း ဖြစ်သည်။

“သင်တန်းပြီးမြောက်သွားတဲ့သင်တန်းသားတွေက သင်တန်းထဲမှာ ပူးပေါင်း ဆောင်ရွက်တာရှိသလို လုပ်ငန်းခွင် ထဲ ရောက်ရင်လည်း ဒေသအသီးသီးမှာ ကျန်းမာ ရေးပြဿနာတွေကို ဖြေရှင်းတဲ့အခါ ဒေသခံလူထုတွေ၊ ကျန်း မာရေး အဖွဲ့အစည်းတွေနဲ့ လက်တွေ့ဖြေရှင်းရမှာပါ။ ဒီနေရာမှာ ဝန်ထမ်းအချင်းချင်း ပူးပေါင်းဆောင် ရွက်မှုနဲ့ လုပ်ဆောင်ရာမှာ ဖြစ်ပြီး ဒေသခေါင်းဆောင်တွေနဲ့ အခြားဒေသက ခေါင်းဆောင်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှု ကလည်း အရေးကြီးပါတယ်” ဟု စက်တင်ဘာလ ၂ ရက်နေ့တွင် ဒေါက်တာစင်သီယာမောင် က ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်က ထိုင်း-မြန်မာ နယ်စပ်တွင် ကျင်းပပြုလုပ်သော ကျန်းမာရေးညီလာခံမှသည် စံချိန်စံညွှန်း ပြည့်မီသော ကျန်းမာရေးဝန်ထမ်းများ မွေးထုတ်ခြင်းနှင့် ဝန်ထမ်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်း စေလိုသော ရည်ရွယ်ချက်ဖြင့် ကျန်းမာရေး ဆိုင်ရာစုဖွဲ့မှုများ လုပ်ဆောင်ခဲ့ကြကြောင်းလည်း ဒေါက်တာစင်သီယာမောင်က ဆက်ပြောဆိုသည်။

အဆိုပါ KDHW ၏ သင်တန်းအား ကရင်ပြည်နယ်အတွင်း ကျန်းမာရေး စောင့်ရှောက်မှုရရှိရန် အလှမ်းဝေးသည့် ဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေး ဝန်ဆောင်မှု ပေးနိုင်ရန်ရည်ရွယ်၍ ပြီးခဲ့သည့် အောက်တိုဘာ လ (၁) ရက်နေ့မှ စတင်၍ ၁၀ ကြိမ်မြောက် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ပြီး ခန္ဓာဗေဒ၊ ဇီဝကမ္မဗေဒ၊ အနာရောဂါဆိုင် ရာ အစရှိသည့် ဘာသာရပ်များအား စာတွေ့လက်တွေ့ဖြင့် ပို့ချပေးခဲ့ကြောင်း သင်တန်းတာဝန်ရှိသူများ၏ ပြောဆိုမှုအရ သိရသည်။

ထို့အပြင် အခမ်းအနားတွင် သင်တန်းတက်ရောက်အောင်မြင်ပြီးသော သင်တန်းသူ သင်တန်းသား ၂၄ ဦးအား သင်တန်းဆင်းလတ်မှတ်ပေးအပ်ခြင်းအပါအဝင် ပထမအကြိမ် အပတ်စဥ် တက်ရောက်အောင်မြင်ပြီးမှသည် လက်ရှိအချိန်ထိ မိမိတို့ ဒေသအတွင်း ကျန်းမာရေး ဝန်ဆောင်မှုပေးလျက်ရှိသော လုပ်သက် ၆ နှစ်နှင့် အထက်ရှိ ကျန်းမာရေး ဝန်ထမ်းများအားလည်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြင့်ပေးခဲ့သည်။

သင်တန်းဆင်းပွဲကို KDHW မှ သက်ဆိုင်ရာ ဆရာ၊ ဆရာမများ၊ ကျန်းမာရေးဝန် ထမ်းများ၊ ကရင်အမျိုးသား အစည်းအရုံး - ကေအဲန်ယူမှ သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်များနှင့် ပရိတ်သတ် ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

ကေအဲန်ယူ၏ ဌာနဆိုင်ရာ ၁၂ ခုအနက် တစ်ခုဖြစ်သည့် KDHW ကို ကျန်းမာရေး စောင့်ရှောက်မှု မရရှိသည့် ကရင်ပြည်နယ်အတွင်းမှ ကျေးရွာများရှိ ဒေသခံလူ ထုများနှင့် စစ်ဘေးမှ နေရပ်စွန့်ခွာ ထွက်ပြေးလာသူများ အတွက် ကျန်းမာရေးနှင့် ကယ်ဆယ်ရေး လုပ်ဆောင်ရန် ရည်ရွယ်၍ (၁၉၅၆) ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပြီး ကျန်းမာရေး ဝန်ဆောင်မှုများ ပိုမိုပေးနိုင်ရန် ၂၀၁၀ ခုနှစ်မှစ၍ ဆေးမှူး သင်တန်းများဖွင့်လှစ်ပေးခဲ့ရာမှ ယခု အပတ်စဥ်အထိ ဆေးမှူး (၄၀၀) ကျော် မွေးထုတ်ပေးနိုင်ခဲ့သည်။

Most read this week

October 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ...
October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...