စစ်တောင်းမြစ်အရှေ့ခြမ်း လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံး

စစ်တောင်းမြစ်အရှေ့ခြမ်း လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ ကျေးရွာများတွင် ပြီးခဲ့သည့် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် ဒေသခံ လင်မယားနှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။

စစ်ကောင်စီတပ်များသည် ဩဂုတ်လ (၃၀) ရက်နေ့မှ စတင်၍ ရေတာရှည်မြို့နယ်၊ ကဲလင်းဆိပ်ကျေးရွာနှင့် အနီး တစ်ဝိုက်သို့ (၁၇) ကြိမ်တိုင်တိုင် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သလို စည်ပိုင်း၊ ရှမ်းရွာလေး၊ ပိန္နဲပင်၊ အောက်ပိုင်းကျေးရွာ အစရှိသည့် ကျေးရွာများသို့ လက်နက်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပစ်ခတ်ခဲ့စဉ် အောက်ပိုင်းကျေးရွာနေ ဒေသခံ လင်မယား နှစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ကာ သေဆုံး သွားခြင်းဖြစ်သည်ဟု တော်လှန်ရေး အင်အားစုနှင့် ဒေသခံများက ပြောသည်။

“လေယာဥ်လာပြီးတော့ တော်လှန်ရေးတပ်ရဲ့စခန်းတစ်ခုကို စစ်တပ်က ဝင်စီးတာလို့ သိရတယ်။ အဲ့ဒါကြောင့် တိုက်ပွဲ ဆက်ဖြစ်တာပြီးတော့ ရွာဘက်ကို စစ်တပ်က လက်နက်ကြီးထပ်ပစ်တာမှာ လင်မယား နှစ်ယောက်ဆုံး တယ်။ ဒီနေ့တော့ တိုက်ပွဲ ဆက်ဖြစ်တာမရှိဘူး” ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

လက်နက်ကြီးဖြင့် ပစ်ခတ်မှုများကြောင့် အနီးအနားကျေးရွာများရှိ ဒေသခံများ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ကောင်စီတပ်များ ထပ်မံစစ်ကြောင်း ထိုးဝင်ရောက်လာပါက နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ ဖြစ်ပွားနိုင်ချေ ရှိသဖြင့် လုံခြုံရေးစိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်းလည်း အဆိုပါ ဒေသခံက ဆက် ပြောသည်။

ဩဂုတ်လ ၃၁ ရက်နေ့က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ် ကောင်စီတပ်တို့ အကြား ဖြစ်ပွားခဲ့သည့် အဆိုပါ ထိတွေ့တိုက်ပွဲတွင် ပူးပေါင်းတပ်ဘက်မှ နယ်မြေအသာစီးရ ထား၍ ထိခိုက်မှုမရှိသော်လည်း စစ်ကောင်စီ ဘက်မှအထိနာခဲ့သည်ဟု မြေပြင်သတင်းအရင်းအမြစ်များမှ သိရှိ ရသော်လည်း ထိခိုက်မှုအသေးစိတ်ကို ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

စစ်တောင်းမြစ် အရှေ့ဘက်ပိုင်းဒေသသည် တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှု အများအပြား ရရှိထား သောကြောင့် စစ်ကောင်စီအနေဖြင့် ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်မှုများလုပ်၍ အင်အားစုများ အထိ နာအောင် ပြုလုပ်နေခြင်း ဖြစ်သည်ဟုလည်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြု ကွန်ရက် KPSN မှ တာဝန်ရှိ သူ တစ်ဦးကလည်း ယခုကဲ့သို့ ပြောသည်။

“အင်အားစုတွေ အနေနဲ့ကလည်း တိုက်ခိုက်ရေးရော ပြည်သူလူထုရဲ့ လုံခြုံရေးကိုလည်း စောင့်ရှောက်ရတာ ဆို တော့ ပြည်သူကို ဒုက္ခအမျိုးမျိုး ပေးနိုင်တယ်ဆိုရင် တော်လှန်ရေး ဆုတ်ယုတ်မယ် ဆိုတာမျိုးနဲ့ စစ်ကောင်စီက လုပ်ဆောင်နေတာ ဖြစ်တယ်။ ပြီးတော့ ရွာထဲမှာ ပစ္စည်းတွေကို ဖျက်ဆီးတာ၊ ပြည်သူတွေကို ရွာထဲပြန်မနေနိုင် အောင် လေယာဥ်နဲ့ လက်နက်ကြီးနဲ့ ဗုံးကြဲချတာတွေ လုပ်တာတွေက စစ်တပ်ရဲ့ အင်မတန်ကို လူသားမဆန်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်” ဟု ပြောသည်။

ထို့အတူ ယခုနှစ် ဖေဖော်ဝါရီလပိုင်းက KPSN မှ ထုတ်ပြန်ထားသော စာရင်းများအရ စစ်တောင်းမြစ် အရှေ့ဘက် ကမ်းဒေသ အပါအဝင် ကရင်အမျိုးသား အစည်းအရုံး - ကေအဲန်ယူ တပ်မဟာ (၂) ထိန်းချုပ်ရာ တောင်ငူခရိုင် အတွင်း ပဋိပက္ခနှင့် ပစ်ခတ်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေသည် ၃ သောင်း ကျော်ရှိနေပြီး လက်ရှိတွင် ၎င်းအရေအတွက်ထက် ထောင်ဂဏာန်း ပိုများလာသည်ဟုလည်း ဖော်ပြထားသည်။

October 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ...
October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...
October 25, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ညင်းမော်၊ ကဒတ်ငယ်ထိန်၊ အောက်ရေဖြူ...
October 24, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ်အတွင်း ကျေးရွာပေါင်း ၇၀ ကျော်ရှိသည့်အနက် ရွာပေါင်း၂၀ ကျော်သာ...