မူဆယ် တိုက်ပွဲတွင် ဒေသခံ နှစ်ဦး ဒဏ်ရာရ

မူဆယ် တိုက်ပွဲတွင် ဒေသခံ နှစ်ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA နှင့် စစ်ကောင်စီတပ်တို့အကြားက တိုက်ပွဲအတွင်း ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လူနေအိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့သည်။

မူဆယ်မြို့နယ် စယ်လန့်ကျေးရွာတွင် ဩဂုတ်လ ၂၈  ရက်နေ့ကနေ ၃၀ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆို ပါ တိုက်ပွဲအတွင်း ဒေသခံများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် နေအိမ်များပါ မီးလောင်ပျက်စီးခဲ့သည်ဟု စယ်လန့်ကျေးရွာက ဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။

၎င်းက “စယ်လန့် အုပ်စု ၂ အုပ်စု ရှိတာကိုး စယ်လန့်အုပ်စုရယ် နမ့်ကတ်အုပ်စုရယ်ကိုး နမ့်ကတ်အုပ်စုမှာ ဆိုရင် တော့ ၂ အိမ်ထိတယ်။ သိသလောက်ပြောရင်တော့ အတည်ပြု နိုင်တာက ဒီ စယ်လန့်အုပ်စုထဲက တစ်အိမ်က တော့ မီးလောင်သွားတယ်။ လူကတော့  ၂ ယောက်ထိတယ်။  တစ်အိမ်ကို မီးလောင်သွားတယ်။ မီးလောင်ပြာ ကျပေါ့နော။။ လူကတော့ ၂ ယောက်ထိတယ်။ ဒီနမ့်ကတ်ထဲမှာကျတော့ ၂ အိမ်ထိတယ်။ လူကတော့ ဘာမှ တော့ မဖြစ်သေးဘူး။ ၇ နာရီ ၈ နာရီလောက် ကျနော်ကို ဖုန်းဆက်လာတယ်။ ဒီလူတွေထိတယ်။ ကျနော်ကို အကြောင်း ကြားတယ်။ အဲမှာ တစ်ယောက်ထိတယ်။ ညပိုင်းကျမှ တစ်ယောက် ပြန်ထိတဲ့ သဘောမျိုး” ဟု ပြောသည်။

တိုက်ပွဲအတွင်း လူနေအိမ် ၃ လုံးထိမှန်ခဲ့ပြီး တစ်လုံးမှာ မီးလောင်ပြာကျသွားသည်ဟု ဆိုသည်။ ထို့အပြင် ဒေသ ခံ ၂ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိထားသည်ဟု ဆိုသည်။

ထိခိုက်ဒဏ်ရာ ရသူများမှာ ဦးအောင်မြတ် အသက် ၆၀ နှစ် နှင့် ဦးအိုက်ပု အသက် ၅၀ နှစ် တို့ဖြစ်ပြီး ဒဏ်ရာ အခြေအနေနှင့် ပတ်သက်၍ အဆိုပါ ဒေသခံ အမျိုးသားက ယခုကဲ့သို့ ဆက်ပြောသည်။

“အမျိုးသား ၂ ဦးစလုံး ပထမတစ်ယောက်က နည်းနည်း သူရဲ့ နောက်ကျောထိထားတယ်။ တပ်မပေါ့နော် တပ်မ ကို ထိထားတယ်ဆိုတော့ နည်းနည်လေး စိုးရိမ်ရတဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။ နည်းနည်းတော့ ဒဏ်ရာ တော့ နည်းနည်းကြီးတယ်ပေါ့။ အသက်ကိုတော့ မစိုးရိမ်ရပါဘူး။ ဒဏ်ရာတော့ နည်းနည်းကြီးတယ်။ ဒုတိယ တစ်ယောက်က ခြေထောက် ခြေသလုံးပဲ ထိထားတယ်ဆိုတော့ အဲလောက်ကြီး ဒဏ်ရာ စိုးရိမ်ရတဲ့ သဘော တော့ မရှိပါဘူး။”

ထိခိုက်ဒဏ်ရာ ရရှိထားသည့် ဦးအောင်မြတ်နှင့် ဦးအိုက်ပုတို့ ၂ ဦးသည် လက်ရှိတွင် မူဆယ်ဆေးရုံတွင် ဆေးကု သမှု ခံယူနေသည်ဟု ဆိုသည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီတပ် နဲ့ TNLA တပ်တို့အကြားက တိုက်ပွဲကြောင့်  စယ်လန့်ကျေးရွာအုပ်စုထဲက ဒေသခံ ၁၀၀၀ နီးပါးသည် မူဆယ် နှင့် နမ့်ခမ်းဘက်သို့ စစ်ဘေးတိမ်ရှောင်နေကြသည်ဟု ဒေသခံများက ပြော သည်။

စစ်ဘေးရှောင် အမျိုးသားတစ်ဦးက “မနေ့က တချို့က ဆွေးမျိုးအိမ်မှာ ရှောင်သွားကြတယ်။ မူဆယ် ဘက်မှာ တော့နှစ်နေရာ တိမ်ရှောင်ထားကြပါတယ်။ ဟိုနားရပ်ကွက်မှာတစ်နေရာနဲ့ စွမ်စော်မှာ တစ်နေရာ ရှိတယ်။ နမ့် စန်းဂိုဒေါင်မှာတစနေရာ ရှောင်ကြတယ်။ နမ့်ခမ်းဘက်မှာကတော့ ဆွေမျိုးအိမ်မှာ ရှောင်ကြတယ်” ဟု ပြော သည်။

လက်ရှိတွင် အဆိုပါ စစ်ဘေးရှောင် ၁၀၀၀ နီးပါးအတွက် စားရေးသောက်ရေးအတွက် အဖက်ဖက်က အကူ အညီများ လိုအပ်နေသည်ဟု ဆိုသည်။

ဩဂုတ်လ ၂၉ ရက်နေ့က မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့မှာ တစ်ရက်အတွင်း တိုက်ပွဲ ၃ နေရာဖြစ်ပွားခဲ့ သည်ဟု PSLF/TNLA က ဩဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့် PSLF/TNLA တပ်တို့အကြား ယခုလအတွင်း သြဂုတ်လ ၂၉ ရက်ထိ တိုက်ပွဲပေါင်း ၁၈ ကြိမ် ဖြစ်ပွားခဲ့သည်ဟု PSLF/TNLA က ဆိုသည်။

Most read this week

October 28, 2024
မိုးကုတ်မြို့ရှိ တစ်ပိုင်တစ်နိုင် ကျောက်မျက်တွင်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး...
October 28, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းတောင်းနှင့် သစ်ပင်ကောက်ကျေးရွာကို ပြီးခဲ့သည့်...
October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...