လက်နက်ကိုင်တော်လှန်နည်းဖြင့် အာဏာရှင်ဝါဒကို ဆက်လက်တိုက်ဖျက်သွားမည်ဟု မွန်ပြည်သစ်ပါတီပြော

လက်နက်ကိုင်တော်လှန်နည်းဖြင့် အာဏာရှင်ဝါဒကို ဆက်လက်တိုက်ဖျက်သွားမည်ဟု မွန်ပြည်သစ်ပါတီပြော

လက်နက်ကိုင် တော်လှန်နည်းဖြင့် အာဏာရှင် မဟာလူမျိုးကြီးဝါဒကို တိုက်ဖျက်ကာ အမျိုးသားလွတ်မြောက် ရေး ရရှိသည်အထိ ဆက်ကြိုးပမ်းသွားမည်ဟု ၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့တွင် မွန်ပြည်သစ်ပါတီ ဗဟိုက ကြေညာချက်ထုတ်ပြန်လိုက်သည်။

ဝါရင့် မွန်တိုင်းရင်သား လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် မွန်ပြည်သစ်၏ သဘောထား ထုတ်ပြန်ချက်ထဲတွင် မိမိတို့ ပါတီမှာ အမျိုးသားတိုးတက်ရေးဖြစ်သည့် မွန်လူမျိုးများ၏ အင်အားကို ပဓာနပြုပြီး လွတ်လွတ်လပ်လပ် ရပ်တည် လှုပ်ရှားဆောင်ရွက်နေသည်ဟု ဆိုသည်။

အမျိုးသားရေး အကျိုးနှင့် ဖက်ဒရယ်ပြည်ထောင်စု စစ်စစ် တည်ဆောက်ရေးက ပြည့်စုံသည့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးနိုင်ပါက မည်သည့် အင်အားစု အဖွဲ့အစည်းမျိုးမဆို ပါတီအနေဖြင့် ဆက်စပ်ဆက်ဆံသွားမည်ဟု မယ်လို့ မွန်ပြည်သစ်က ထုတ်ပြောလာသည်။

ထို့အပြင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေး အချိုးအကွေ့အတွင်း မိမိတို့ပါတီအနေဖြင့် ပါတီ၊ တပ်၊ ဒေသအခြေ ပြု ခိုင်မာရေးကို အဓိကထားကာ အရပ်သားပြည်သူများကို ကာကွယ်စောင့်ရှောက်ရင်း အမျိုးသားစည်းလုံးရေး တည်ဆောက်ကာ အမျိုးသားတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီအနေဖြင့် အနာဂတ်တွင် စစ်ကောင်စီနှင့် လက်နက်ကိုင် ပဋိပက္ခဖြစ်ရန် သေနတ်ဖောက်လာမည့်ကိစ္စက မဖြစ်နိုင်သေးဘူးဟု မွန်ပြည် ကာကွယ်ရေးတပ် (MSDF) စစ်ရေး၊ နိုင်ငံရေး ဦးဆောင်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်းက သုံးသပ်သည်။

“လက်နက်ကိုင်တော်လှန်ရေးနဲ့လည်း ဆက်လက်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောထားတယ်။ တစ်ဖက်မှာလည်း နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖို့လည်း ပြောထားတဲ့အတွက်ကြောင့် အခုချိန်မှာ မြွေမသေ၊ တုတ်မကျိုး ပိုနေမြဲ ကျားနေမြဲဆိုတဲ့ သဘောထားမှာပဲ ရှိသေးတာပါ။ ဒါကြောင့် ကျွန်တော့်တို့အမြင်မှာ လာမယ့် အနာဂတ်မှာ အဲဒီလိုမျိုး စကစနဲ့ လက်နက်ကိုင် ပဋိပက္ခဖြစ်ဖို့ ကိစ္စတို့၊ သေနတ်ဖောက်လာမယ့် ကိစ္စတို့ကျတော့ မဖြစ်နိုင်သေးဘူးလို့ ကျွန်တော်မြင်တယ်။”

မွန်ပြည်သစ်ပါတီက လောလောဆယ်တွင် ပြည်တွင်းစစ် အရှိန်ကောင်းနေသလို အမျိုးမျိုးသော အကြမ်းဖက်မှု များ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် လက်ရှိ နိုင်ငံရေးဆွေးနွေးမှုမှာ နိုင်ငံ၏ ပြဿနာကို မဖြေရှင်းနိုင်သည့် အပြင် တိုင်းပြည် ငြိမ်းချမ်းလာရေး အရိပ်အယောင် နည်းနေသည်ဟု ဆိုသည်။

ထို့အပြင် မွန်ပြည်တည်ထောင်ရေး လုပ်ငန်းစဉ်ဖြစ်သည့် ပြည်ထောင်စုစစ်စစ် တည်ဆောက်နိုင်ရေးက ပါတီ အနေဖြင့် အမျိုးသားညီညွတ်ရေး အားယူရင်း တိုင်းရင်းသားများ၏ စုပေါင်းအားကို ပဓာနပြုကာ အခိုင်အမာ ပြင်ဆင်သွားရမည်ဟုလည်း မွန်ပြည်သစ်က ထုတ်ပြန်ထားသည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနှင့် အဓိပ္ပာယ်ပြည့်ဝစွာ ဖြေရှင်းနိုင်ရေး လူမျိုးစုတိုင်းရင်းသားများနှင့် အတူ တကွ လုပ်ဆောင်သွားမည်ဟုလည်း မွန်ပြည်သစ်ပါတီက ဆိုသည်။

ဒေါက်တာ သီရီမွန်ချမ်းက လက်ရှိအချိန်က ပြတ်သားဖို့လိုပြီဖြစ်ကြောင်း စစ်အာဏာရှင်စနစ် အမျိုးမျိုးကို နိုင်ငံရေးနည်းနှင့် ဖြေရှင်း၍ မရတော့ကြောင်း ထောက်ပြသည်။

“ကျွန်တော်တို့ အမြင်မှာကျတော့ ဒီအချိန်မှာ ပြတ်သားဖို့ လိုတယ်။ စကစပဲ ဖြစ်ဖြစ်၊ စစ်အာဏာရှင်စနစ် အမျိုး မျိုးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းလို့ မရတော့ဘူးလို့ ကျွန်တော်တို့ တထစ်ချယုံကြည်တယ်။ ဘာဖြစ်လို့လဲဆို စစ်အစိုးရတွေက ၁၉၆၂ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတယ်၊ နောက်ပြီး ၁၉၈၈ ပြည်သူလှုပ်ရှားမှု တိုက်ပွဲမှာရော အဓိကအခန်းကဏ္ဍမှာ အခက်အခဲပေးနေတာ ဒီစစ်တပ်ပါပဲ” ဟု ပြောသည်။

မွန်ပြည်သစ်ပါတီက မွန်အမျိုးသား လွတ်မြောက်ရေးက ပန်းတိုင်မရောက်သေးဘဲ မိမိလူမျိုးအတွက် တော်လှန် ရေး တာဝန် ဆက်ရှိနေခြင်းကြောင့် တစ်မျိုးသားလုံး စိတ်ဓာတ်ခိုင်ခိုင် ဝိရိယမြဲမြဲနှင့် ညီညွတ်ရေးရှိရှိ တိုင်းရင်း သား မဟာမိတ်များ၊ နိုင်ငံတွင်းနှင့် နိုင်ငံတကာ ဒီမိုကရေစီ အစုအဖွဲ့များနှင့် ဆက်လုပ်တိုက်ပွဲဝင်သွားကြဖို့ မွန် တော်လှန်ရေးနေ့တွင် တိုက်တွန်းထားသည်။

၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်များ အပါအဝင် မွန်လူမျိုးများ နေထိုင် ကြသည့် နေရာဒေသအချို့တွင် “တော်လှန်ရေးအင်အားကြီးမှ အမျိုးသားအခွင့်အရေးပေါ်ပေါက်မယ်” ဆိုသည့် ဆောင်ပုဒ်နှင့် ကျင်းပပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

Most read this week

October 28, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ ထားဝယ်စုရပ်ကွက်ရှိ သံလွင်တိုင်းမ်သတင်းဌာန...
October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...