မော်လမြိုင်တွင် ရေသန့်တစ်ဘူးကို ကျပ် ၁၀၀၀ အထိ တိုးမြင့်သတ်မှတ်

မော်လမြိုင်တွင် ရေသန့်တစ်ဘူးကို ကျပ် ၁၀၀၀ အထိ တိုးမြင့်သတ်မှတ်
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

စက်သုံးဆီအပါအဝင် ရေသန့်ထုတ်လုပ်ရာတွင် အထွေထွေ ကုန်ကျစရိတ် ကြီးမြင့်လာခြင်းကြောင့် ၂၀ လီတာ ရေသန့်တစ်ဘူးကို ကျပ် ၁၀၀၀ အထိ တိုးမြင့် သတ်မှတ်သည်ဟု မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ရေသန့် လုပ်ငန်းရှင်များ အသင်းကနေ သိရသည်။

အာဏာသိမ်းကာလအတွင်း တဖြည်းဖြည်းမြင့်တက်လာသည့် ရေသန့်ဈေးမှာ ပြီးခဲ့သည့် မတ်လတုန်းက ရေသန့် တစ်ဘူးကို ကျပ် ၇၀၀ အထိ တိုးမြင့် သတ်မှတ်ခဲ့ရာမှ ယခုလက်ရှိတွင် တစ်ဘူးကို ကျပ် ၁၀၀၀ အထိ ထပ်မံတိုး မြင့် လိုက်ခြင်း ဖြစ်သည်။

ရေသန့်ဈေးနှုန်းကို မော်လမြိုင်မြို့နယ် ရေသန့်လုပ်ငန်းရှင်များကြား ညှိနှိုင်းသဘောတူညီမှုအရ စက်တင်ဘာ ၁ ရက်နေ့စပြီး ရေသန့်တစ်ဘူးကို ကျပ် ၁၀၀၀ နှင့် စတင်ဖြန့်ဖြူးရောင်းချပေးသွားမည်ဟု ဆိုသည်။

မော်လမြိုင်မြို့နယ်ရှိ ရေသန့်လုပ်ငန်းရှင်တစ်ဦး “ကုန်ဈေးနှုန်းတွေက အဆမတန်တက်တယ်လေ။ ဆီဈေးတွေ လည်း တက်တယ်၊ တခြားကုန်ပစ္စည်း ဈေးတွေရော အကုန်လုံးတက်လို့ ကျွန်တော်တို့ ဒီရေသန့်လုပ်ငန်းရှင်တွေ အကုန်လုံးတိုင်ပင်ပြီးတော့ ဒိုင်ဈေးကို (၉၀၀) ပေါ့။ အိမ်အရောက်ပို့တာက (၁၀၀၀) ဆိုပြီးတော့ ကရင်ပြည်နယ် မှာလည်း (၁) ရက်နေ့က စတင်မယ်ဆိုတော့ သူတို့ရေသန့်လုပ်ငန်းရှင်တွေ အချင်းချင်းညှိပြီးတော့ အဲဒီလို တက် တာပါ။ လူတွေအကုန်လုံးက နေ့စဉ်သောက်သုံးနေကြတာဆိုတော့ ကျွန်တော်တို့ကလည်း မတက်ချင်ပါဘူး” ဟု ပြောသည်။

ရေသန့်ထုတ်လုပ်ရာတွင် အထွေထွေ ကုန်စရိတ်ကြီးမြင့်ခြင်းနှင့် ရေသန့်အလုပ်သမားများကို ထိုက်သင့်သည့် လစာတိုးပေးရန်အတွက် ယခုကဲ့သို့ ဈေးနှုန်းတိုးမြင့်ရခြင်း ဖြစ်သည်ဟု အဆိုပါ ရေသန့်လုပ်ငန်းရှင်က ဆက်ပြောသည်။

“ရေသန့်နဲ့ပတ်သက်တဲ့ ပစ္စည်းတွေက ဒီ (၁) လီတာတို့ (ဝ.၆)တို့ ဘာတို့ဆို ကုန်ကြမ်းပစ္စည်းကအစ ဟိုတုန်းကဆို တစ်ပေါင်ကို (၅၀၀၀)၊ (၆၀၀၀) ကနေပြီးတော့ အခု(၁၀၀၀၀)ကျော်အထိ ဖြစ်လာတော့ ဘယ်လိုမှမတက်လို့ မကိုက်တော့တဲ့ အနေအထားဖြစ်လို့ ရေသန့်လုပ်ငန်းရှင်များ အကုန်လုံးညှိနှိုင်းပြီးတော့ ဒီလောက်ဈေးတော့ တက်မှ အဆင်ပြေမယ်။ နောက်တစ်ခုက အလုပ်သမားတွေအတွက် ထိုက်သင့်တဲ့လစာတိုးပေးဖို့ပေါ့။ သူတို့ လည်း မလုံလောက်တော့တဲ့အတွက် အဲဒီလိုမျိုးလုပ်ပြီးတော့ ညှိပြီးတော့မှ ဒီဈေးနှုန်းလောက်တော့ ရောင်းကြ မယ်ဆိုပြီးတော့ အဲဒီအတိုင်းလုပ်တာပါ။”

ရေသန့်ဈေးနှုန်း တိုးမြင့်ရာတွင် ၂၀ လီတာဘူး တစ်မျိုးတည်းမဟုတ်ဘဲ ကျန်သည့် ၁ လီတာဘူးအပါအဝင် အခြားဆိုဒ်စုံဘူးများကိုလည်း တစ်ကဒ်လျှင် အနည်းဆုံး ကျပ် ၃၀၀ မှ ကျပ် ၅၀၀ အထိ တိုးမြင့် ရောင်းချသွား မည်ဟု ဆိုသည်။

မော်လမြိုင်မြို့ခံ တစ်ဦးက ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေချိန်တွင် ရေသန့်ကအစ ဈေးနှုန်း မြင့်တက် လာသည့်အတွက် ကိုယ့်ရေတွင်းက ရေကိုသာ ကျိုသောက်ရမည့် အခြေအနေမျိုး ဖြစ်နေပြီဟု ပြောသည်။

“စားဖို့တောင် အနိုင်နိုင်လေ လူတွေက။ အခုကရေတစ်ဘူး (၁၀၀၀)တဲ့။ မနက်ကမှ သိတယ်။ ကိုယ့်ရေတွင်းက ရေပဲ ရေနွေးပဲ ကျိုသောက်ကြတော့ပေါ့။ ဟင်းချက်စရာ ဖိုးတောင်ရတယ်လေ ရေတစ်ဘူးတန်ဖိုးက။ ပထမ ကတော့ (၇၀၀) ဆိုတော့ ဝယ်သောက်ကြတယ်။ အခုကျတော့ (၁၀၀၀) ဆိုတော့ နည်းနည်း နောက်တွန့်ဆုတ် ကြပြီပေါ့။ ရေတွင်းကရေပဲ ခပ်ပြီးတော့ ပုံးထဲထည့်သောက်တော့မယ်တဲ့ တချို့ကတော့။ ကုန်ဈေးနှုန်းတွေက လည်း အကုန်တက်၊ မိုးတွင်းကျတော့ အလုပ်ပါး အလုပ်လုပ်လို့ မရတော့ ဒုက္ခရောက်ကျတာပေါ့၊ တချို့လူတွေ ဆို စားဖို့တောင်မရှိဘူး” ဟု ပြောသည်။

ရေသန့်စက်ရုံများမှာ စစ်ကောင်စီလက်ထက် လျှပ်စစ်မီးမမှန်ခြင်းကြောင့်လည်း မီးစက်ကြီးများနှင့် လည်ပတ် နေရသောကြောင့် ကုန်ကျစရိတ်မြင့်မားခြင်းနှင့် အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုဒဏ်ကို ရင်ဆိုင်နေရသည်ဟု ရေသန့်လုပ်ငန်းရှင်များက ဆိုသည်။

ရေသန့်ဈေးနှုန်းမှာ အာဏာမသိမ်းမီ ၂၀ လီတာ ရေသန့်တစ်ဘူးကို ကျပ် ၃၀၀ ဝန်းကျင်သာ ရှိခဲ့ရာမှ စစ်တပ် အာ ဏာသိမ်းပြီးနောက် ကျပ် ၅၀၀၊ ကျပ် ၇၀၀ မှ ယခု ကျပ် ၁၀၀၀ အထိ ဈေးနှုန်း မြင့်တက်လာခြင်း ဖြစ်သည်။

မော်လမြိုင်မြို့နယ်တွင် ရေသန့်ထုတ်လုပ် ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်း ၁၀ ခုထက်မနည်း ရှိနေပြီး နေ့စဉ် ရပ်ကွက်အလိုက် မော်တော်ကားများနှင့် လိုက်လံဖြန့်ဖြူးရောင်းချပေးနေသည်။

October 28, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ ထားဝယ်စုရပ်ကွက်ရှိ သံလွင်တိုင်းမ်သတင်းဌာန...
October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...