အင်းလေးက မိသားစုဝင် ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား

အင်းလေးက မိသားစုဝင် ၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွား
CJ (စစ်ကောင်စီ ဖမ်းဆီးသွားသည့် မိသားစု)
CJ (စစ်ကောင်စီ ဖမ်းဆီးသွားသည့် မိသားစု)

သျှမ်းပြည်၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသအတွင်း နေထိုင်သည့် မိသားစု ၄ ဦးကို စစ်ကောင်စီက ဖမ်းဆီး ခေါ် သွားသည်။

သြဂုတ်လ ၂၈ ရက်နေ့ ညအချိန်တွင် အင်းလေးဒေသ သပြေပင်သစ် အမှတ် ၃ ကျေးရွာနေ မိသားစု ၄ ဦးကို စစ် ကောင်စီတပ် နှင့် ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းပြီး စက်လှေ ၂ စီးနှင့် လူအင်အား ၁၀ ကျော်သုံးကာ နေအိမ်အတွင်း လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း အင်းလေးဒေသခံ အသက် ၃၀ ကျော် အမျိုးသမီးတစ်ဦးက သျှမ်း သံတော်ဆင့်ကို ပြောသည်။

ဒေသခံ အမျိုးသမီးတစ်ဦးက “လာဖမ်းသွားတဲ့ အချိန်က ညနေစာ ထမင်းစားပြီးတဲ့အချိန်လောက်ပဲ ကလေးငယ် ၂ ယောက် လူကြီး ၂ ယောက် ပါသွားတယ်။ ဘာကြောင့် လာဖမ်းသွားလဲတော့ သေသေချာချာမသိဘူး။ အတင်း ဖမ်းခေါ်သွားတယ်“ ဟု ပြောသည်။

အဆိုပါ စစ်ကောင်စီ ဖမ်းဆီးခေါ်သွားခဲ့သည့် မိသားစုဝင် ၄ ဦးထဲတွင် အသက် (၁၈) နှစ်အရွယ် အမျိုးသမီး တစ်ဦးနှင့် အသက် (၁၅) နှစ်အရွယ် ယောက်ကျားလေးတစ်ဦးလည်း ပါဝင်သည်။

လက်ရှိမှာ မိသားစု ၄ ဦးထဲမှ ကလေးငယ် ၂ ဦးကို ညောင်ရွှေမြို့နယ် ရဲစခန်းတွင် ချုပ်ထားပြီး၊ မိဘ ၂ ဦးကိုမူ တွေ့ခွင့် မရသေးကြောင်း ၎င်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ မိသားစုဝင် ၄ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက်နေကြောင်း စစ်ကောင်စီတပ်က စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်နိုင်ကြောင်း အင်းလေးဒေသ အဖွဲ့အစည်းဖြစ်သည့် JMC- Innlay မှ ဒါရိုက်တာ မယုလှိုင်သင်းက ပြောသည်။

“အင်းထဲမှာ ဒီလိုဖြစ်စဉ်တာတွေက မနည်းတော့ဘူး။ တစ်ခေါက်ကလည်း နှင်းဆီပန်း ပုံတင်လို့ အိမ်ဝိုင်းခံရတာ လည်း ရှိတယ်။ သူတို့ထင်ရင် ထင်သလို လိုက်ဖမ်းနေတာ။ အခုလည်း PDF နဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲပြီး ဖမ်းသွားတာပဲ ဖြစ်နိုင်တယ်“ ဟု မယုလှိုင်သင်းက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က ကျရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် အင်းလေး ဒေသမှ အသက် ၆၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ၎င်း၏ လှုမှုကွန်ရက်စာမျက်နှာပေါ် နှင်းဆီပန်းပုံတင်ခဲ့ရာ စစ်ကောင်စီက အိမ်တွင်းလာရောက်ဖမ်းဆီးသွားခဲ့သည်။ အဆိုပါ အမျိုးသားမှာလည်း ယနေ့ အချိန်ထိ ပြန်လည် လွတ်မြောက်လာနိုင်ခြင်း မရှိသေးဘူးဟု မိသားစုနှင့် နီးစပ်သည့် ဒေသခံများက ပြောသည်။

Photo - CJ (စစ်ကောင်စီ ဖမ်းဆီးသွားသည့် မိသားစု)

Most read this week

October 28, 2024
မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့်...
October 25, 2024
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို...
October 25, 2024
သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ...
October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...