ကျောက်တော်က စစ်ဘေးရှောင်များကို နေရပ်ပြန်ပို့ရန် စစ်ကောင်စီ စီစဉ်နေ

ကျောက်တော်က စစ်ဘေးရှောင်များကို နေရပ်ပြန်ပို့ရန် စစ်ကောင်စီ စီစဉ်နေ
ကဝိရတနာ စစ်ဘေးရှောင်စခန်း တစ်နေရာကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၁ ရက်နေ့က တွေ့ရစဉ်။
ကဝိရတနာ စစ်ဘေးရှောင်စခန်း တစ်နေရာကို ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၁ ရက်နေ့က တွေ့ရစဉ်။

ရခိုင်ပြည်၊ ကျောက်တော်မြို့ပေါ်ရှိ စစ်ဘေးရှောင် အိမ်ထောင်စု ၅၀၀ ကျော်ကို နေရပ်ပြန်ပို့ရန် စီစဉ်နေသည်ဟု စစ်ကောင်စီက အသိပေးလာကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ဩဂုတ်လ ၃၀ ရက်နေ့၊ နံနက် ၈ နာရီခန့်က စစ်ကောင်စီ တပ်သားများ အပါအဝင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာဝန်ထမ်း စုစုပေါင်း ၅၀ ခန့်မှာ ကျောက်တော်မြို့ပေါ်ရှိ ကဝိရတနာနှင့် နေပူခံစစ်ဘေးရှောင်စခန်းသို့ လာရောက်ကာ စစ်ဘေးရှောင်များအား နေရပ်ပြန်ပို့ရေးအတွက် စီစဉ်နေကြောင်း ပြောဆိုခဲ့သည်။

ကျောက်တော်မြို့၊ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ မခိုင်အေးညွန့်က “ဘယ်နေ့ ပြန်ရမယ်လို့တော့ မပြောခဲ့ ဘူး။ သူတို့က စစ်ဘေးရှောင်အိမ်ထောင်စု ငါးရာကျော် နေရပ်ပြန်နိုင်ရေး စီစဉ်နေတယ်လို့ ပြောတယ်။ အဲဒီအိမ် ထောင်စု ငါးရာကျော်က ဘယ်စခန်းက အိမ်ထောင်စုတွေ ပါတယ် ဆိုတာ ကို ခွဲပြီးတော့ မပြောဘူး” ဟု ပြော သည်။

ကဝိရတနာ စစ်ဘေးရှောင်စခန်းတွင် ကျောက်တော်မြို့နယ် တင်းမ၊ ဝက်မကျ၊ လောင်းရှည်၊ အောက်မွန်ထောင့် နှင့် ပလက်ဝမြို့နယ် ပွီးချောင်းဝ၊ နှမဒါ၊ ကြက်ယက်ကိုင်း၊ အထက်မွန်ထောင့် ကျေးရွာတို့မှ လူဦးရေ ၁,၀၆၈ ဦး နေထိုင်လျက်ရှိသည်။

နေရပ်ပြန်မည့် စစ်ဘေးရှောင် အိမ်ထောင်စု တစ်စုလျှင် လမ်းစရိတ် ၁ သိန်း၊ ထောက်ပံ့ငွေ ၅ သိန်းနှင့် အခြား အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးမည်ဟု ပြောဆိုခဲ့ကြောင်း စစ်ရှောင်များက ဆိုသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်ညွန့်ထံ DMG က ဆက်သွယ်ခဲ့သော် လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိပေ။

နေပူခံစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးမောင်အေးစောက “စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ဖို့ သူတို့က ဆောင် ရွက်နေတာရှိတယ်လို့ ပြောတယ်။ အိမ်ထောင်စုငါးရာကျော်က ကုလားတန်မြစ် အနောက်ဘက်ကမ်းက ကျေးရွာ တွေ ပါတယ်လို့ ပြောပါတယ်။ အရှေ့ဘက်ကမ်းမှာရှိတဲ့ တင်းမရွာတို့ မပါသေးဘူး” ဟု ပြောသည်။

ကုလားတန်မြစ် အနောက်ဘက်ကမ်းမှ စစ်ဘေးရှောင်နေရသည့် ကျေးရွာများမှာ မီးဝ၊ ဂြင့်ခါးစေ့၊ လောင်းရှည်၊ ကွမ်းဇွဲ၊ အောက်မွန်ထောင့်၊ အောင်သာယာ၊ သံပရာထောင့်၊ ဒက်ဖြူ စသည့် ကျေးရွာများ ဖြစ်ပြီး ၎င်းဒေသခံ များ၏ လယ်ယာနှင့် ဥယျဉ်ခြံမြေများမှာ ကုလားတန်မြစ် အရှေ့ဘက်ကမ်းတွင် တည်ရှိကြသည်။

ထို့ကြောင့် စစ်ဘေးရှောင်များ နေရပ်သို့ရောက်သွားလျှင် ကုလားတန်မြစ် အရှေ့ဘက်ကမ်းသို့ သွားရောက်ပြီး လုပ်ကိုင်စားသောက်ခွင့် မရမည်ကို စိုးရိမ်မှုများ ရှိနေကြသည်။

“နေရပ်ကိုတော့ လူတိုင်းပြန်ချင်တယ်။ ဒါပေမယ့် တိုက်ပွဲတွေ ပြန်ဖြစ်မှာကို စိုးရိမ်တယ်။ တိုက်ပွဲပြန်ဖြစ်ရင် ထပ်ပြေးရမှာကို မလိုချင်ဘူး။ အနောက်ဘက်ကမ်းကလူတွေမှာ လယ်ယာ၊ ဥယာဉ်တွေက အကုန်လုံး အရှေ့ ဘက်ကမ်းမှာ ရှိတာဆိုတော့ အဲဒီဘက်ကို သွားခွင့်မရမှာကို စိုးတယ်။ အဲဒါကြောင့် နေရပ်ပြန်ဖို့ကို စဉ်းစားနေရ တယ်” ဟု မီးဝကျေးရွာမှ စစ်ဘေးရှောင် ကိုစိုးဝင်းနိုင်က ပြောသည်။

နေပူခံ စစ်ဘေးရှောင်စခန်းကို NLD အစိုးရလက်ထက်က ဆောက်လုပ်ပေးထားခြင်းဖြစ်ပြီး ကျောက်တော်မြို့ နယ်၊ တင်းမ၊ ပြိုင်းတိုင်းအပါအဝင် ကျေးရွာပေါင်း ၁၀ ကျော်မှ လူဦးရေ ၂,၀၀၀ ကျော် ခိုလှုံနေထိုင်လျှက်ရှိ ကြ သည်။

စစ်ရေးပဋိပက္ခကြောင့် ရခိုင်နှင့် ပလက်ဝဒေသတို့တွင် လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ဦးရေ ၅၈,၀၀၀ ကျော် ရှိနေသေးကြောင်း  UNHCR စာရင်းတွင် ဖော်ပြသည်။

စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေးသည့် အကြောင်းအရင်းများမှာ ကျေးရွာအတွင်းနှင့် အနီးအနားတွင် လက်နက်ကိုင်တပ်ဖွဲ့များ နေရာယူထားခြင်း၊ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်ခြင်း၊ မိုင်းအန္တရာယ် စိုးရိမ်မှုတို့ အပြင် လုံခြုံမှုအာမခံချက် မရှိခြင်းတို့ကြောင့် ဖြစ်သည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်ကောင်စီနှင့် AA တို့ လူသားချင်းစာနာမှုကို အခြေခံ၍ အပစ်အခပ်ရပ်စဲပြီးနောက် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ ပလက်ဝမြို့နယ်ရှိ စစ်ဘေးရှောင်အချို့ကို စစ်ကောင်စီ က တာဝန်ယူ၊ တာဝန်ခံမှုမရှိဘဲ နေရပ်သို့ပြန်ပို့ခဲ့သဖြင့် နေရပ်ပြန်သူများမှာ စားဝတ်နေရေး၊ လုပ်ကိုင်စား သောက်ရေး အခက်အခဲများစွာနှင့် ရင်ဆိုင်နေကြရသည်။

Most read this week

October 28, 2024
စစ်ရေးပြင်းထန်နေသည့် ရခိုင်ဒေသတွင် စစ်ကောင်စီက လမ်းခရီးပတ်ဆို့ထားမှုကြောင့်...
October 25, 2024
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည်မှာ...
October 25, 2024
- ချင်းပြည် မတူပီမြို့အခြေစိုက် CDF - မတူပီ တပ်မဟာ - ၁ နဲ့ တပ်မဟာ - ၂ ကြားက...
October 24, 2024
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားရာ မြို့နယ်များတွင် အရောင်းအဝယ်ပြုလုပ်ရာ၌...