နမ့်အွမ်ရွာနားမှာ စစ်တပ်နဲ့ KIA တပ်တို့အကြား တိုက်ပွဲဖြစ်ပွား

နမ့်အွမ်ရွာနားမှာ စစ်တပ်နဲ့ KIA တပ်တို့အကြား တိုက်ပွဲဖြစ်ပွား
၂၀၂၂ ခုနှစ် ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ရှေ့တန်းတစ်နေရာတွင် မြင်ရသည့် KIA တပ်ဖွဲ့ဝင်များ
၂၀၂၂ ခုနှစ် ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် ရှေ့တန်းတစ်နေရာတွင် မြင်ရသည့် KIA တပ်ဖွဲ့ဝင်များ

ရှမ်းမြောက် မူဆယ်မြို့နယ် နမ့်အွမ်ရွာအနီး စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၉ တို့ တိုက်ပွဲဖြစ်ပွားနေသည့်အပြင် စစ်တပ်ဘက်က နမ့်ဖတ်ကာနှင့် ၁၀၅ မိုင် တပ်စခန်းကနေလည်း လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု နမ့်အွမ်ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က နမ့်အွမ်ကျေးရွာ အနောက်ဘက်တွင် ရှိသော KIA တပ်ရင်း ၉ နေရာ ဘတ်ငွိုင်တောင် (Bakngoi bum) ဘက်ကို ဩဂုတ်လ ၂၇ ရက်နေ့ကတည်းက ဆက်တိုက် ထိုးစစ်ဆင်လာခဲ့သည့်အတွက် ဩ ဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းအချိန်ထိ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်နေပြီး တိုက်ပွဲဖြစ်ပွားနေ သည်ဟု နမ့်အွမ်ဒေသခံတစ်ယောက်က KNG ကချင်သတင်းဌာနကို ပြောသည်။

“စစ်တပ်ဘက်က အခုအဲ့ဒီ နမ့်အွမ်အထက် အနောက်ဘက် KIA တွေရှိရာဘက်ဆက်တိုက် စစ်ကြောင်းထိုးနေ တာပေါ့။ မနေ့ကလည်း တိုက်ပွဲဖြစ်၊ မနေ့ညကလည်း လက်နက်ကြီးသံတွေကြားတယ်။ ဒီမနက် ၁၀ နာရီ လောက်ကတည်းက ပြန်စပစ်နေကြပြီ။ နမ့်ဖတ်ကာ နဲ့ ၁၀၅ မိုင်ကနေလည်း လက်နက်ကြီးတွေ ပစ်နေတယ်” ဟု နမ့်အွမ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က စစ်အင်အား ၁၀၀ ခန့်သုံးပြီး ဩဂုတ်လ ၂၇ ရက်နေ့ကတည်းက KIA တပ်ရင်း ၉ ရှိသည့် ဘက်ကို ဆက်တိုက် ထိုးစစ်ဆင်နေခြင်းကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသလို နမ့်ဖတ်ကာ ခလရ ၁၂၃ နှင့် ၁၀၅ မိုင် စစ်တပ်ကုန်းများဘက်မှလည်း လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု ဆိုသည်။

လက်နက်ကိုင် နှက်ဖက်တပ်များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းတို့ကြောင့် နမ့်အွမ်ကျေးရွာက နေအိမ် အချို့နှင့် အဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သော်လည်း လူထိခိုက်မှုတော့ မရှိဘူးဟု ဒေသခံများက ပြောသည်။

လက်ရှိ အဆိုပါ စစ်ကြောင်းများမှာ လားရှိုး-ကွတ်ခိုင်ဘက်ကနေ မူဆယ်ဘက်ကို ဦးတည်စစ်ကြောင်းထိုးနေပြီး နမ့်ခမ်း-စေလန်ဘက်က စစ်ကြောင်းတစ်ကြောင်း၊ နမ့်ဖတ်ကာအရှေ့ဘက်ခြမ်းဘက် တောလမ်းကနေ စစ်ကြောင်းတစ်ကြောင်းနှင့် နမ့်အွမ်လမ်းဘက်က တစ်ကြောင်း စုစုပေါင်း စစ်ကြောင်း ၃ ကြောင်းခွဲငယ ထိုးစစ်ဆင်နေသည်။

ထို့ကြောင့် နမ့်ဖတ်ကာ - နမ့်အွမ်ကျေးရွာ အနီးတ၀ိုက် စစ်ကောင်စီတပ်နှင့် KIA တို့အကြား တိုက်ပွဲဖြစ်ပွားနေ သလို TNLA နှင့်လည်း မကြာခဏ ဆိုသလို တိုက်ဖြစ်ပွားနေခြင်း ဖြစ်သည်။

“အခု နမ့်အွမ်အနီးတဝိုက်က စစ်တပ်ဘက် စစ်ကြောင်းထိုးနေတာလည်းရှိတယ်။ TNLA ဘက်ကတော့ ရွာထဲ အခွန်လိုက်ကောက်တာလည်း ရှိတော့ သေနတ်သံက မကြာခဏကြားရတယ်။ ရွာသားတွေက စိုးရိမ်ပြီးပဲ လှုပ် ရှားသွားလာ လုပ်ကိုင် စားသောက်နေတာပေါ့။ ဟိုဘက် KIA တပ်ရင်း ၉ ဘက်လည်း စစ်တပ်က ဆက်တိုက် ထိုးစစ်ဆင်နေတာ ဟုတ်တယ်။ စစ်တပ်စစ်ကြောင်းတွေက နေ့တိုင်း ပုံမှန် သွားလာလှုပ်ရှားပြီး လမ်းကြောင်း တိုင်းကနေ ထိုးစစ်ဆင်နေတယ်”ဟု  နမ့်အွမ်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဟာ ကချင်ပြည်နယ်ဘက်ကို ပြီးခဲ့သည့် လကုန်ပိုင်းကနေ ဆက်တိုက်ထိုးစစ်ဆင်နေသလို ရှမ်းမြောက်ဘက်တွင်လည်း မရပ်မနား ဆက်တိုက် ထိုးစစ်ဆင်နေသည့်အတွက် ကွတ်ခိုင်-နမ့်ဖတ်ကာ-မူဆယ် လမ်းမပေါ်ရှိ ကျေးရွာအချို့က စာသင်ကျောင်းများလည်း ပိတ်ထားရသည့် အခြေအနေများ ရှိနေသည်။

ပြီးခဲ့တဲ့ ဇူလိုင်လတစ်လထဲမှာပင် ရှမ်းမြောက် ကွတ်ခိုင် - နမ့်ဖတ်ကာ - မူဆယ် စသည့် လမ်းမတစ်လျှောက် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ တအာင်းတပ်ဖွဲ့ TNLA တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ အရပ်သားပြည်သူ ၁၀ ဦး ထိခိုက်သေဆုံးခဲ့သည်။

လက်ရှိအချိန်ထိလည်း စစ်ကောင်စီ စစ်ကြောင်း မူဆယ်ဘက်ကို ဆက်တိုက် ထိုးစစ်ဆင်နေသည့် အတွက် မူဆယ်မြို့နယ် ၁၀၅ မိုင် အနီး နမ့်တောင်း - ဖာဖစ်လမ်း နေရာတို့တွင် KIA ဘက်က လမ်းဖြတ် တောက်ထား သည်ဟု ဒေသခံများက ဆိုသည်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...