ကသိုဏ်းတောင် တပ်စခန်းကုန်း စစ်တပ်က ပြန်လည်တပ်စွဲနေထိုင်ထားပြီဟုဆို

ကသိုဏ်းတောင် တပ်စခန်းကုန်း စစ်တပ်က ပြန်လည်တပ်စွဲနေထိုင်ထားပြီဟုဆို
ဓါတ်ပုံ - ဖားကန့်မြို့နယ် တသိုဏ်းတောင်ရွာ
ဓါတ်ပုံ - ဖားကန့်မြို့နယ် တသိုဏ်းတောင်ရွာ

ကချင်ပြည်နယ်၊ ဖားကန့် ကသိုဏ်းတောင်တပ်စခန်းမှာ စစ်တပ်က ပြန်လည်တပ်စွဲထားသည့်အပြင် တာမခန်-ဆိုင်းတောင်သွားလမ်းပိုင်းကိုလည်း ဖြတ်တောက်ထားကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လဆန်း ၇ ရက်နေ့က တာမခန်နှင့် နမ့်မှော်ကြားက ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်းကို ကချင် လွတ်လပ်ရေး တပ်မတော် KIAနှင့် PDF တို့ သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၂ ရက်အကြာ ဩဂုတ်လ ၉ ရက်နေ့တွင် စစ်တပ်က အင်အားအများအပြားနှင့် ပြန်လည်တပ်ချနေခဲ့ပြီး လက်ရှိ တာမခန်နှင့် ဆိုင်းတောင် သွားလမ်း နေရာ ၂ နေရာကို ဖြတ်တောက်ပိတ်ပင်ထားသည်။

“စစ်တပ်ကတော့ အရင်တိုင်းပြန်ထိုင်နေပြီ KIA ကတော့ သူတို့အထိုင်ချဖို့ တိုက်ခိုက်တာတော့ မဟုတ်ဘူး။ KIA ဘက်က သိမ်းပြီး ထိုင်နေဖို့လည်းမလွယ်ဘူး လေယာဉ်နဲ့ လာတိုက်နေတာဆိုတော့ ခုတော့ နှစ်ဖက်စလုံး  လှုပ် ရှားနေတာတော့ရှိတယ်” ဟု တာမခန်ဒေသခံတစ်ဦးက KNG ကချင်သတင်းဌာနကိုပြောသည်။

ကသိုဏ်းတောင် စစ်တပ်နှင့် နမ့်မှော်စစ်တပ်၊ ဆယ်ဇင်း SNA တပ်စခန်း စသည့်တပ်စခန်းများ ပစ်ခတ် တိုက် ခိုက်ခံရပြီး နောက်တစ်နေ့တွင် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် လေယာဉ်ဖြင့် ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဆိုပါ စခန်းကုန်းမှာ တပ်ပြန်ထိုင်နိုင်ဖို့ကြိုးစားခဲ့ခြင်း ဖြစ်သည်။

သိမ်းပိုက်ခံရပြီး ၂ ရက်အကြာမှာပင် စစ်တပ်ပြန်ထိုင်နေပြီဖြစ်ကာ လုံခြုံရေးအပြည့်ချထားပြီး ကသိုဏ်းတောင် လမ်းအတိုင်း တာမခန်-ဆိုင်းတောင်သွားလမ်းကို ပိတ်ပင်ထားခြင်းကြောင့် ဒေသခံများ သွားလာ၍ မရသေး ဘူး ဟု ဆိုကြသည်။

“သွားလာရေးတော့ အဲ့ဒီ ကသိုဏ်းတောင်လမ်း အတိုင်းတော့ ဖြတ်သွားလာခွင့်မပေးသေးဘူး။ တာမခန်ကနေ တော့ ကားအစီးတစ်ခါတက်လာရင် ၅ စီးလောက် ၈ စီးလောက် စုပြီး တစ်ဖြတ်တစ်ဖြတ် ပေးသွားတယ်။ ဝှေခါ ဘက်ကနေ ကွေ့ ဝိုက်ပြီး ဖားကန့်-ဆိုင်းတောင်ဘက်သွား၊ မိုးညှင်းဘက်သွား အေ အဲ့လို ဝှေခါဘက်ကနေ ကွေ့ပြီးတော့ သွားလာနေတယ်” ဟု ဒေသခံက ဆက်ပြောပါတယ်။

ကသိုဏ်းတောင်နှင့် နမ့်မှော်တိုက်ပွဲကြောင့် မှော်ရှန်၊ ဆိုင်းတောင်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာသည့် နမ့်မှော်၊ ကောင်ဆန်၊ ကောင်းသော့၊ မှော်လခဲ စသည့် ရွာများက ဒေသခံ စစ်ရှောင်ပြည်သူ ၁ ထောင်ကျော်လည်း တိုက်ပွဲအခြေအနေ ငြိမ်ပြီဖြစ်လို့ ဩဂုတ်လ ၁၁ ရက်နေ့က နေရပ်ပြန်သွားခဲ့ပြီဖြစ်သည်။

သို့သော် ကသိုဏ်းတောင်အနီးတဝိုက်က ကျေးရွာနေပြည်သူ ၁၀၀ ကျော်ကမူ နေရပ်ကို ပြန်၍မရသေးဘဲ မှော်ရှန်ခရစ်ယာန်အသင်းတော် ဘုရားကျောင်းဝင်းထဲ ဆက်လက်ခိုလှုံနေရသေးသည်။

ကူညီနေသူတစ်ဦးက “မှော်ရှန်ဘုန်းကြီးကျောင်းက စစ်ရှောင်တွေတော့ အကုန်လုံးပြန်သွားကြပြီ။ မှော်ရှန် ဘုရား ကျောင်းမှာ အယောက် ၁၀၀ ဝန်းကျင် ကျန်သေးတယ်။ သူတို့တွေကတော့ ပြန်လို့မရသေးဘူး။ သူတို့က ကသိုဏ်းတောင်က ကျေးရွာပြည်သူတွေဖြစ်တယ်။ ဟိုဘက်ပြန်ရင်လည်း ဟိုဘက်မှာ ပြန်ပိတ်မိနေမှာ စိုးရ တယ်။ ပြန်ထွက်မရဖြစ်နေတော့” ဟု ပြောပါတယ်။

ကသိုဏ်းတောင်တွင် ပြန်လည်တပ်ချထားသည့် စစ်တပ်က လုံခြုံရေးတင်းကြပ်ထားသည့်အပြင် KIA ဘက်က လည်း ဘေးပတ်ဝန်းကျင်တွင် ဆက်လက်လှုပ်ရှားနေသေးသောကြောင့် အနီးတဝိုက်က ပြည်သူများ နေရပ်ပြန် ရန် မဖြစ်နိုင်သေးဘူးဟုဆိုကြသည်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...