မဏိပူရပြည်နယ် အရေးအခင်းတွင် ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲမှုကို ကူကီးအဖွဲ့ရှုတ်ချ

မဏိပူရပြည်နယ် အရေးအခင်းတွင် ပါဝင်ပတ်သက်နေကြောင်း စွပ်စွဲမှုကို ကူကီးအဖွဲ့ရှုတ်ချ
ပုံအညွှန်း - ကူကီးအမျိုးသားတပ်မတော်သားများကိုတွေ့ရစဉ်  ဓါတ်ပုံ - KNO/A (Burma)
ပုံအညွှန်း - ကူကီးအမျိုးသားတပ်မတော်သားများကိုတွေ့ရစဉ် ဓါတ်ပုံ - KNO/A (Burma)

အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်အတွင်း လူမျိုးစုများအကြားပဋိပက္ခများဖြစ်ပွားနေပြီး ယင်းအရေးခင်းများတွင် မြန်မာနိုင်ငံသားများ ၊ ကာကွယ်ရေးအဖွဲ့ နှင့် ၎င်းတို့ပါဝင်ပတ်သက်နေသည် ဟု ဗဟိုအစိုးရ ပြည်နယ်ရေး ဝန်ကြီး၏ စွပ်စွဲမှုကို အပြင်းအထန်ရှုတ်ချကြောင်း ကူကီးအမျိုးသားအစည်းအရုံး/တပ်မတော်(မြန်မာပြည်) (KNO/A - Burma) က ဩဂုတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။

မဏိပူရပြည်နယ်တွင် ဖြစ်ပွားနေသော ကူကီးနှင့် ကသည်း(Meite) အရေးခင်းများတွင် ကသည်း နိုင်ငံရေး လှုပ် ရှားတက်ကြွသူများ၊ အမျိုးသားရေး အစွန်းရောက်သူများ နှင့် နိုင်ငံရေးခေါင်းဆောင်အချို့မှ လူမှုကွန်ရက်နှင့် သတင်းမီဒီယာများတွင် မြန်မာပြည်မှ အမျိုးသားလက်နက်ကိုင်များ PDF များသည် ၎င်းတို့အရေးအခင်းများတွင် ပါဝင်ပတ်သက်နေသည့်ဟု အခြေအမြစ်မရှိ စွပ်စွဲနေသည်ကို တွေ့ရှိရကြောင်း ဆိုသည်။

ထို့အပြင် အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးမှ မြန်မာပြည်အခြေစိုက် ကူကီး ဒီမိုကရက်တစ်တပ်ဦး အဖွဲ့များ သည် မဏိပူရပြည်နယ် လူမျိုးရေးပဋိပက္ခတွင် ဝင်ရောက် စွက်ဖက်မှုကြောင့် ပြဿနာကြီးထွားသည်ဟု လွှတ် တော်ထဲတွင် ဩဂုတ်လ ၉ ရက်နေ့တွင် မမှန်မကန် ပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက် ဖော်ပြထားသည်။

KNO/A သတင်းနှင့်ပြန်ကြားရေးက ကိုဖရန်ဆစ် ကူကီးက “အိန္ဒိယနိုင်ငံ မဏိပူရအရေးခင်းနဲ့ ပတ်သက်ပြီးတော့ KNO/A(Burma) နဲ့ PDF ကတော့ ဒီနေ့အချိန်အထိ ဝင် ရောက်စွက်ဖက်ခြင်းမရှိပါဘူး။ ဒါ ကျနော်တို့ကို သက် သက်မဲ့ စွပ်စွဲချက် ဖြစ်ပါတယ်၊ ကျနော်တို့ KNO/A (Burma) ဟာဆိုရင် ယနေ့အချိန်ထိ နွေဦးတော်လှန်ရေးမှာ NUG အစိုးရနှင့်လက်တွဲပြီး တစိုက်မတ်မတ် ဖော်ဆောင်နေတာဖြစ်ပါတယ်” ဟု မဇ္စျိမကို ပြောသည်။

မဏိပူရပြည်နယ်မှ အိန္ဒိယအစိုးရကို ဆန့်ကျင်နေသည့် ကသည်းလက်နက်ကိုင်များသည် နွေဦးတော်လှန်ရေး မပေါ်ပေါက်မီကပင် ဗမာပြည်ဖက်အခြမ်းတွင် စစ်တပ်နှင့် ပေါင်းနေသူများဖြစ်ကြောင်း ဆိုသည်။

ယခု နွေဦးတော်လှန်ရေး အရှိန်ကောင်းလာသည်နှင့်အမျှ စစ်ကောင်စီတပ်အင်အား ချိနဲ့လာသောကြောင့် ကသည်း လက်နက်ကိုင်များသည်လည်း စိုးရိမ်လာ၍ မဏိပူရပြည်နယ်ကို ပြန်လည်ဝင်ရောက်နိုင်ရန် အတွက် ယခုကဲ့သို့ အရေးအခင်းကို ဖန်တီးခြင်းဖြစ်ကြောင်း ကိုဖရန်ဆစ် ကူကီး က ဆက်လက်ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီး၏ ပြောဆိုချက်သည် ဌာနေ ကူကီးဇို တိုင်းရင်းသားများအတွက် ဝမ်းနည်းစရာ ဖြစ်ကြောင်း နှင့် ကောင်းသည့် လက္ခဏာဖော်ဆောင်မှုမရှိကြောင်း ဆိုသည်။

မဏိပူရပြည်နယ် လူမျိုးရေးအဓိကရုဏ်းအပေါ် ဗဟိုအစိုးရ၏ တုန့်ပြန်မှုသည် ဖက်ဒရယ်စနစ်ကို ကျင့်သုံး နေသော နိုင်ငံတခုအနေဖြင့် လူ့အခွင့်အရေး၊ လူနည်းစု အခွင့်အရေးမှန်သမျှ ဆိတ်သုဥ်းပြီး အာဏာရှင်နိုင်ငံ ဖြစ်နေသယောင်ဟု ထုတ်ပြန်ချက်တွင် သုံးသပ်ထားသည်။

သို့သော်လည်း မဏိပူရပြည် အရေးအခင်းကြောင့် မြန်မာပြည် တမူးဖက်သို့ ထွက်ပြေးခိုလှုံလျက်ရှိသော ကသည်းပြည်သူများ အပေါ် လူ့အခွင့်အရေးအရ မည်သို့သော အနှောက်အယှက်မျှ မပေးသည့်အပြင် လူသား ချင်း စာနာထောက်ထားမှုအရ တတ်နိုင်သည့်ဖက်မှ အကူအညီပေးလျက်ရှိသည်။

ယခုကဲ့သို့ ဝန်ကြီ၏ အခြေမြစ်မရှိ မမှန်မကန်စွပ်စွဲပြောဆိုမှုများသည် တော်လှန်ရေးဂုဏ်သိက္ခာကို ထိခိုက်သည့် အပြင် လူမျိုးအချင်းချင်းကြား နားလည်မှု၊ ငြိမ်းချမ်းမှု ပျက်ပြားစေနိုင်သည့်အတွက် လုံးဝလက်မခံနိုင်ကြောင်း အပြင်းအထန်ရှုတ်ချပါကြောင်း နှင့် အဆိုပါစွပ်စွဲပြောဆိုမှုအား အမြန်ဆုံးပြန်လည် ရုတ်သိမ်းပေးရန် KNO/A(Burma) ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

မဏိပူရပြည်နယ် တောင်တန်းဒေသများတွင် နေထိုင်ကြပြီး စီးပွားရေးအကျိုးအမြတ်၊ အစိုးရအလုပ်အကိုင်နှင့် ပညာရေးတို့ ရရှိနေသာ ကူကီးများနှင့် မြေပြန်ဒေသတွင် နေထိုင်ကြသော ကသည်းလူမျိုးများအကြား မကျေနပ် မှုများသည် မေလ ၃ရက်နေ့ မှစ၍ ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားခဲ့ကြသည်။

အဆိုပါ အရေးအခင်းများအတွင်း လူပေါင်း ၁၈၀ ကျော်သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ရာပေါင်းများစွာရှိကာ အိုးအိမ်မဲ့သူ ထောင်ပေါင်းများစွာ ရှိနေကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များအရ သိရှိရသည်။

Most read this week

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...