သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့သည် သြဂုတ်လ ၁၆ ရက်နေ့၊ နံနက် ပိုင်းတွင် ဆိုင်ကယ် စီးနင်းလာသည့် အရပ်သား နှစ်ဦးကို သေနတ်ဖြင့် ပစ်လိုက်သည့်အတွက် တစ်ဦးသေ တစ်ဦး ဒဏ်ရာရသွားသည်ဟု ဒေသခံများက ပြောသည်။
ဖြစ်စဥ်မှာ သြဂုတ်လ ၁၆ ရက်နေ့၊ နံနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် လဲချားမြို့နယ် မက်လန်းကျေးရွာ အတွင်းရှိ စားသောက်ဆိုင် တစ်ဆိုင်၏ အရှေ့တွင် ဆိုင်ကယ် မောင်းနှင်လာသည့် အရပ်သားနှစ်ဦးကို ဆိုင်ကယ် ရပ်ခိုင်းရာ မှ မရပ်သည့်အတွက် သေနတ်ဖြင့် ပစ်လိုက်ခြင်းဖြစ်သည်။
“အမျိုးသား နှစ်ဦးက ဆိုင်ကယ် တစ်စီးအတူတူ စီးလာတာ၊ ပတ်ဝန်းကျင် ပြောသံအရတော့ အဲ့မှာ စောင့်နေတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က တားတာ ချက်ချင်းမရပ်လို့ ပစ်လိုက်တာလို့ သိရတယ်၊ တကယ် ဟုတ် မဟုတ် တော့ မသိဘူး၊ ဒါပေမယ့် ၁ ဦး သေသွားတာတော့ သေချာတယ်” ဟု လဲချားဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။
စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်လိုက်သည့်အတွက်ကြောင့် ဆိုင်ကယ်မောင်းနင်လာသည့် အရပ်သား ၂ ဦးမှ ၁ ဦး ပွဲချင်းပြီး သေဆုံးသွားရပြီး ၁ ဦးက ဒဏ်ရာ ရသွားကြောင်းလည်း ဒေသခံများ ပြောပြချက်အရ သိရသည်။
လက်ရှိတွင် ဒဏ်ရာရသည့် အမျိုးသားကို လဲချားမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး သေဆုံးသည့် အမျိုး သား အကြောင်းကို မသိရသေးကြောင်းလည်း အထက်ပါ ဒေသခံက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။
“အလောင်းကို သူတို့ (စစ်ကောင်စီ)ဘက်က ဘယ်လို လုပ်ဆောင်လိုက်လဲ ဆိုတာကိုတော့ မသိဘူး။ ဒဏ်ရာ ရတဲ့ သူကိုတော့ လဲချားဆေးရုံ ပို့ပေးထားတယ်။ အခုလည်း မြေပြင်မှာ စစ်ရေးတင်းမာမှုတွေ ရှိနေသေးလို့ ရွာသား တွေ သွားမမေးရဲဘူး။ အပစ်ခံရတဲ့ သူတွေက အိမ်ပြန်လာကြည့်တဲ့ စစ်ရှောင်တွေ ဖြစ်လောက်တယ်” ဟု လဲချား ဒေသခံ အမျိုးသားတစ်ဦး က ပြောသည်။
အရပ်သား သေဆုံးသည်အထိ သေနတ်ဖြင့် ပစ်ခတ်မှု ပြုလုပ်ခဲ့သည့် စစ်ကောင်စီ တပ်ဖွဲ့သည် ခိုလမ်မြို့ အခြေ စိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ ၅၃၇ ဖြစ်ပြီး အဆိုပါ စစ်ကောင်စီအဖွဲ့သည် လက်ရှိအချိန်အထိ မက်လန်းကျေးရွာအတွင်း၌ ရှိနေဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့မှ စတင်ကာ လဲချားမြို့နယ်အတွင်း၌ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) နှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ယနေ့အချိန်ထိ စစ်ရေးတင်းမာမှု ရှိနေသေးသည့်အတွက် စစ်ရှောင်ထွက်ပြေးသွားသည့် ဒေသခံများကလည်း နေရပ် မပြန်နိုင်သေးဘူးဟု ဆိုသည်။
အဆိုပါ ထိတွေ့တိုက်ပွဲ နောက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့သည် ဒေသအတွင်း စစ်ရေး အင်အားဖြည့်တင်းမှုများ အပြင်၊ ရွာအဝင်အထွက် နေရာများကို ပိတ်ပြီး ဒေသခံများကို စစ်ရှောင်ခွင့်မပေးဘူးဟု ဆိုကြသည်။
ထို့အပြင် လဲချားမြို့နယ်ထဲ စစ်တပ်က လေယာဥ်များ ပျံဝဲကာ စောင့်ကြည့်နေသည်ဟု ဒေသခံများက ပြော သည်။