ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ရန်အတွက် မြန်မာ့နိုင်ငံရေးတွင် စစ်တပ်မပါသည့် တပ်မတော် တစ်ခုကို တည်ဆောက်ဖို့ အပါအဝင် အချက် ၄ ချက်ကို KNU ၏ နိုင်ငံရေး ရည်မှန်းချက်အဖြစ် ချမှတ်ထားသည်ဟု KNU က ပြောဆိုလိုက်သည်။
၁၇ ကြိမ်မြောက် KNU ကွန်ဂရက်အပြီး ရက် ၁၀၀ အတွင်း လုပ်ဆောင်ခဲ့သည့် လုပ်ဆောင်ချက်များနှင့် ပတ် သက်၍ ဩဂုတ်လ ၁၀ ရက်နေ့က ပထမဦးဆုံးအကြိမ် ပြုလုပ်သည့် အွန်လိုင်း သတင်းစာရှင်းလင်းပွဲတွင် ကရင် အမျိုးသား အစည်းအရုံး KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူး က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“KNU က နိုင်ငံရေး ရည်မှန်းချက် ၄ ရပ်ကို ကျနော်တို့ ချမှတ်ထားတယ်။ ပထမဆုံး တစ်ချက်ကတော့ မြန်မာ့ နိုင်ငံရေးမှာ လုံးဝပါဝင်ခွင့်မရှိတော့တဲ့ စစ်တပ်ကို တည်ဆောက်ဖို့လိုတယ်။ နံပါတ် ၂ က ဖက်ဒရယ် ဒီမိုကရေစီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ် တစ်ခုကို ကျနော်တို့ ရေးဆွဲဖို့လိုတယ်။ နံပါတ် ၃ က အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု လုပ်ငန်းစဉ်တွေကို သဘောတူ အကောင်အထည် ဖော်လိုတယ်။ နံပါတ် ၄ ကတော့ နိုင်ငံ သစ်ထူထောင်ရေး အဆင့်တိုင်းမှာ နိုင်ငံတကာ ပါဝင်တဲ့ အခန်းကဏ္ဍကို သဘောတူ ပါဝင်ဖို့လိုတယ်။”
လွတ်လပ်ရေး ရပြီးကတည်းက မြန်မာနိုင်ငံတွင် အုပ်ချုပ်သူ အဆက်ဆက်က ပျက်ကွက်ခဲ့သည့် နိုင်ငံတည် ဆောက်မှု၊ တိုင်းရင်းသားများ၏ ဖက်ဒရယ် တောင်းဆိုမှုကို ငြင်းပယ်ရာမှ အကြမ်းဖက် တုန့်ပြန်မှုများ ဖြစ်လာရ သည်ဟု KNU က ဆိုသည်။
အုပ်ချုပ်သူ အစိုးရအဆက်ဆက်က မဖြေရှင်းပေးနိုင်သည့် နိုင်ငံတည်ဆောက်မှု ပြဿနာမှာ လက်ရှိ နွေဦးတော် လှန်ရေးအထိ ကူးစက်လာပြီး အဆိုပါ ပြဿနာများကို ဖြေရှင်းနိုင်မည်ဆိုပါက စစ်တပ်က နိုင်ငံရေးမှ အပြီး အပိုင် နှုတ်ထွက်သွားဖို့ လိုသည်ဟု ပဒိုစောတာဒိုမူးက ဆက်ပြောသည်။
“အခုနောက်ဆုံး စစ်အာဏာသိမ်းပြီး ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးဟာ နှစ်ပေါင်း ၇၀ ကျော်ကြာ သက် ဆိုးရှည်လာခဲ့တဲ့ အစိုးရ အဆက်ဆက်ရဲ့ မဖြေရှင်းခဲ့တဲ့ နိုင်ငံတည်ဆောက်မှု ပြဿနာကြီးရဲ့အ မထွဋ်အထိပ်သာ ဖြစ်တယ်လို့ ပြောကြားလိုပါတယ်။ ဒါကြောင့် ဒီပြဿနာနဲ့ ဇစ်မြစ်ကို ထိထိမိမိ ဖြေရှင်းဖို့က အရေးအကြီးဆုံး ဖြစ်ပြီး အဲဒါဟာ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်ခြင်းနဲ့ စစ်တပ်က နိုင်ငံရေးကနေ ပါဝင်နေမှုကနေ ထွက် ပေးဖို့ပဲ ဖြစ်ပါတယ်။”
၁၉၆၂ ခုနှစ်ကစပြီး စစ်တပ်သည် စစ်အာဏာကြီးစိုးမှုကို အခြေပြု၍ နိုင်ငံကို တည်ဆောက်ရာတွင် လူမျိုးရေး၊ ဘာသာရေးကို ခုတုံးလုပ်ပြီး အတင်းအဓမ္မသွတ်သွင်းကာ အကောင်အထည် ဖော်ခဲ့ခြင်းကြောင့် တိုင်းရင်းသား များ၏ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများမှာ အစိုးရ ခေတ်အဆက်ဆက်၏ ယန္တရားအောက်တွင် အရောင်ဆိုး ခံခဲ့ရသည်ဟု KNU က ဆိုသည်။
ပဒိုစောတာဒိုမူးက “မြန်မာနိုင်ငံဟာ ဒီမိုကရေစီပျောက်ဆုံးမှုနဲ့ တိုင်းရင်းသား အခွင့်အရေး ပျောက်ဆုံးတစ်ခုကို ကြုံတွေ့ နေရ တာဖြစ်ပါတယ်။ ဒီ ၂ ခုကို တစ်ခုပြီးမှ တစ်ခု ဖြေရှင်းလို့ မရပဲ တစ်ပြိုင်တည်း ဖြေရှင်းရမှာ ဖြစ် တယ်ဆိုတာကို ဒီနေရာမှာ အတိအလင်း ပြောကြားလိုပါတယ်။ အဲဒီအတွက် အတားအဆီးကလည်း စစ်တပ်ပဲ ဖြစ်ပါတယ်” ဟု ဆက်ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်မှ လက်ရှိအချိန်အထိ KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နှင့် စစ်တပ်တို့အကြား တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေသည်။
တိုက်ပွဲများ ဖြစ်ပွားနေသည့် အခြားတစ်ဖက်တွင်လည်း တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တော်လှန်ရေး အင် အားစုများက စစ်အာဏာသိမ်းမှုကို ဖြေရှင်းပြီးရင် နိုင်ငံရေးတွင် စစ်တပ်မပါဝင်သည့် ဖက်ဒရယ်နှင့် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ဖို့ ကြိုးစားလုပ်ဆောင်နေကြသည့်အပြင် အရည်အသွေးရှိပြီး စည်းကမ်း ပြည့်ဝ သည့် ဖက်ဒရယ် တပ်မတော် တစ်ခုကိုလည်း တည်ဆောက်နိုင်ဖို့ လုပ်ဆောင်နေကြသည်။