နိုင်ငံတော်အာဏာအရပ်ရပ်ကို လက်နက်အားကိုးကာ မတရားသိမ်းယူထားသည့် စစ်ခေါင်းဆောင်က စစ်ရေး အပြင် အုပ်ချုပ်ရေးစီမံခန့်ခွဲမှုများတွင် စစ်ဗိုလ်ချုပ်များကို နေရာပိုပေးလာသည်ဟု နိုင်ငံရေးအကဲခတ်များက သံလွင်တိုင်းမ်ကို ပြောသည်။
တိုင်းပြည်မတည်ငြိမ်မှု အကြောင်းပြကာ နိုင်ငံတော်ကို အရေးပေါ်ကာလအဖြစ် သြဂုတ် ၁ ရက်နေ့က ဇန်နဝါရီ ၃၁ ရက်နေ့အထိ ၆ လ သက်တမ်း ထပ်မံတိုးထားသည့် စစ်ကောင်စီက ကောင်စီအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။
စစ်ကောင်စီ ပြန်လည်ဖွဲ့စည်းလိုက်သည့် ကောင်စီအဖွဲ့ဝင် ၁၈ ဦးမှာ စစ်တပ်၏ ထိပ်ပိုင်း စစ်ဗိုလ်ချုပ် ၉ ဦး အထိ ပါဝင်ပြီး ၎င်းတို့အား အမြင့်ဆုံးအာဏာများ ပေးအပ်ထားသည်။
ထို့အပြင် ဇူလိုင်ပထမအပတ်အတွင်း အသစ်ဖွဲ့စည်းလိုက်သည့် ပြည်ထောင်စုအဆင့် အုပ်ချုပ်ရေး စီမံခန့်ခွဲမှု ကော်မတီများတွင်လည်း စစ်ဗိုလ်ချုပ်များကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ထားသည်။
အသစ်ဖွဲ့စည်းထားသည့် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီအပါအဝင် ကုန်သွယ်နှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးကော်မတီတွင်လည်း စစ်ဗိုလ်ချုပ်များကို ခန့်အပ်ထားပြီး အဆိုပါ ကော်မတီများ၏ ဥက္ကဋ္ဌ အဖြစ် စစ်ခေါင်းဆောင် စိတ်ချယုံကြည်ရသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို တာဝန်ပေးအပ်ထားသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက “ဒါကစစ်ရေးတင်မကဘူး၊ တခြားစီမံခန့်ခွဲရေး လုပ်ငန်းတွေမှာလည်း ဝင်ပြီးတော့နေရာယူတဲ့သဘောပေါ့။ ပြောရမယ်ဆိုရင်တော့ စစ်အုပ်ချုပ်ရေးကို ပိုပြီးတော့ပီပီပြင်ပြင် လုပ်လာ တဲ့သဘောပေါ့။ တခြား အရပ်သားတွေကိုထက် သူတို့လူတွေပဲလုပ်နိုင်လိမ့်မယ်၊ သူတို့လူတွေပဲ သူတို့စိတ်ချရ တယ်။ ဒါကသူတို့အတွင်းစည်း လုံခြုံမှုအတွက် နေရာပေးမှု။ သူတို့အချင်းချင်း ဒါတစ်ဖက်နဲ့တစ်ဖက် အမြင် မကြည်လင်မဖြစ်ရအောင်ပေါ့နော်။ နေရာတွေကို ဖြန့်ဝေပြီးတော့ ပေးတာပေါ့။ စစ်တပ်တစ်ခုထဲမှာဆိုရင် ဘောင်ကကျဉ်းတာပေါ့” ဟု ပြောသည်။
စစ်တပ်ကအရာရှိများကို နေရာပေးခြင်းက အခြားသော စီမံခန့်ခွဲရေးကဏ္ဍများတွင်ပါ နေရာဝင်ယူသည့် သဘောဖြစ်သလို စစ်အုပ်ချုပ်ရေးကို ပီပီပြင်ပြင်လုပ်ဆောင်လာသည့် သဘောဖြစ်ကြေင်း ဦးဖေသန်းက ပြောသည်။
“ဒါကြောင့် အခြားစီမံခန့်ခွဲရေးလုပ်ငန်းတွေ၊ တခြားဝန်ကြီးဌာနတွေ အဲဒီလိုပေါ့။ သူတို့အကုန်လုံးကို လက်တံ ရှည်ရှည်နဲ့ ကိုင်နိုင်အောင်နဲ့ တပ်တွင်းညီညွတ်မှု တစ်ယောက်နဲ့တစ်ယောက်ဂျောင်ထိုးတယ်လို့ မခံစားရအောင် နေရာတွေ ဖြန့်ဝေပေးတဲ့သဘော။ သူတို့ အချင်းချင်း နှစ်သိမ့်တဲ့သဘော။ အဲဒီလို ကျွန်တော်တော့မြင်တယ်ဗျ။”
စစ်ကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်လုပ်ပိုင်ခွင့်မရှိသည့် ဌာနဆိုင်ရာ အပါအဝင် တရားစီ ရင်ရေး အပိုင်းတွင်ပါ ဝင်ပါလာခြင်းသည် အရပ်သားဝန်ထမ်းများကို ထိန်းသိမ်းဖို့ရည်ရွယ်သလို နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် စစ်တပ်နှင့် အရပ်သားဝန်ထမ်းများအကြား ဆက်ဆံရေး ဆိုးရွားလာနိုင်သည်ဟု ဦးဖေသန်းက ဆိုသည်။
ထို့အပြင် စစ်ကောင်စီသည် စစ်တပ်မှ ဗိုလ်ကြီး၊ ဗိုလ်မှူးများနှင့် အရာရှိများကို အရပ်ဘက်ဌာနဆိုင်ရာများတွင် အမြင့်ဆုံးတာဝန်များ ပေးအပ်ပြီး စစ်အုပ်ချုပ်ရေးစနစ်ကို အခိုင်အမာ အကောင်အထည်ဖော်လာသည်ဟု နိုင်ငံရေးအကဲခတ်များက သုံးသပ်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်သူ့လက်နက်ကိုင်တပ်ဖွဲ့ ပေါင်း ၅၀၀ ကျော် ပေါ်ပေါက်လာ ပြီး စစ်အုပ်ချုပ်ရေးနှင့် စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စစ်ကောင်စီတပ်ကို တော်လှန်တိုက်ထုတ်နေကြခြင်း ဖြစ်သည်။