မိုးဗြဲမြို့ တောထဲ ထွက်ပြေးခဲ့ရသည့်စစ်ရှောင်များ စားစရာမရှိ မြို့ပေါ်သို့ စိုးရိမ်စိတ်ဖြင့် ပြန်နေ

မိုးဗြဲမြို့ တောထဲ ထွက်ပြေးခဲ့ရသည့်စစ်ရှောင်များ စားစရာမရှိ မြို့ပေါ်သို့ စိုးရိမ်စိတ်ဖြင့် ပြန်နေ

သျှမ်ပြည် မိုးဗြဲမြို့က တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များသည်  စားနပ်ရိက္ခာ ပြတ်လပ်မှုများ၊ နေထိုင်မှု အခက်အခဲများ ကြုံရခြင်းကြောင့် အန္တရာယ်များကြားက မြို့ပေါ်သို့ ပြန်လည် ပြောင်း ရွှေ့ နေထိုင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရချိန်တွင် စစ်ရှောင်များသည် အလှူရှင်များထံမှ ထောက်ပံ့သည့် စားနပ်ရိက္ခာများကိုသာ အားကိုးနေရခြင်း ဖြစ်သည်။

တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားသည့် လများတွင် နယ်မြေဒေသအတွင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ထောက်ပံ့မှုများ ရောက်မလာခဲ့သောကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုများနှင့် ရင်ဆိုင်ကြုံတွေခဲ့ရသည်။

စစ်ရှောင် ကော်မတီဝင် တစ်ဦးက “တောတောင်တွေထဲမှာ နေရတုန်းက စားစရာ၊ နေစရာတွေ ခက်တာပါတယ်။ နောက်ပြီး ကိုယ့်အိမ်လောက် မမှီဘူးပေါ့။ ဖယ်ခုံမှာ အကုန်လုံး လာစုတဲ့အခါကျတော့ တော်တော်များတယ်။ တချို့က သူများအိမ်မှာနေရသလို အိမ်ငှားနေရတဲ့သူ၊ ဆွေမျိုးနား ကပ်နေရတဲ့သူလည်းရှိတယ်။ ဒီမှာက စခန်း တစ်ခုနဲ့ ဆောက်ပေးတာမရှိဘူး။ ကြာတော့ အဆင်မပြေတော့ ငြီးငွေ့လာကြတယ်“ ဟု ပြောသည်။

လက်ရှိမှာ မိုးဗြဲမြို့ပေါ်သို့ နေရပ်ကို ပြန်သွားကြသည့် စစ်ရှောင်များသည် လူဦးရေ ၂၀၀ ကျော် ရှိနေပြီ ဖြစ်သည် ဟု စစ်ရှောင်ကော်မတီ တာဝန်ရှိသူက ပြောသည်။

သို့သော် တိုက်ပွဲများ ထပ်မံဖြစ်ပွားပါက နေရပ်ပြန်သွားသည့် ပြည်သူများသည် ပြန်လည် ထွက်ပြေးတိမ်းရှောင် ကြရမှာ ဖြစ်ပြီး ယနေ့အချိန်ထိ မိုးဗြဲမြို့ပေါ်၌ စိတ်ချလက်ချ နေထိုင်၍ မရသေးကြောင်း ဒေသခံ စစ်ရှောင်များ က ပြောသည်။

အလားတူ မိုးဗြဲမြို့သို့ ပြန်သွားသည့် စစ်ရှောင်များ နှင့် နီးစပ်သူတစ်ဦးက “ပြန်သွားတာတော့ ရှိတယ်။ ရပ်ကွက် တိုင်းမှာတော့ ပြန်နေလို့မရဘူး။ လမ်းဘေးတွေမှာပဲ ပြန်နေကြတယ်။ အကုန်လုံးတော့ မပြန်လာနိုင်သေးဘူး။ ဒီလိုနေရဲတဲ့သူတွေ၊ လမ်းဘေးမှာ နေတဲ့သူတွေ စည်ကား ရပ်ကွက်၊ ပေါ်ဦး ရပ်ကွက်မှာပဲရှိတယ်။ ကျန်တဲ့ ရပ် ကွက်တွေက စစ်ကောင်စီ တပ်စွဲထားတယ်“ ဟု ပြောသည်။

ထို့အပြင် သြဂုတ်လ ၆ ရက်နေ့တွင် လွိုင်ကော် - မိုးဗြဲ ကားလမ်းမကြီးပေါ်ရှိ ကျေးရွာထဲ တိုက်ပွဲများ ပြန်လည် ဖြစ်ပြီးနောက် အဆိုပါ လမ်းမကြီးကို အသုံးမပြုရန် တားမြစ်ထားလိုက်သဖြင့် စစ်ရှောင်များအတွက် ရိက္ခာ သယ်ယူ၍ မရကာ အခြားလမ်းကို အသုံးပြုပြီး သယ်ယူရသောကြောင့် အခက်ခဲများ ရှိနေကြောင်း စစ်ရှောင် ကော်မတီ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

မိုးဗြဲမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်ကစပြီး စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ချိန်မှ စတင်၍ ပြည်သူများ စစ်ရှောင်ဘဝဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်း ဖြစ်သည်။

ထို့အပြင် မိုးဗြဲမြို့ပေါ်နေ ပြည်သူများမှာ မြို့တွင်းရက်ကွက်များထဲ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာချိန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရပ်ကွက်များအတွင်း ဝင်ရောက်တပ်စွဲချိန်တွင် ဘေးလွတ်မည်ဟု ယူဆရသည့် နေရာများ၊ တောတောင်များထဲ တိမ်းရှောင်နေကြရပြီး အခြေအနေများ အနည်းငယ်ငြိမ်သက်လာပါက ယခုကဲ့သို့ ၎င်းတို့၏ ရပ်ကွက်ထဲ ပြန်လည်နေထိုင်ကြခြင်း ဖြစ်သည်။

Most read this week

October 30, 2024
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်ပြီး နေရပ်ပြန်သွားသည့် ဒေသခံများကို...
October 29, 2024
မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ပန်ဆန်းဂိတ်ကြီး နှင့် တာလော့ဂိတ်တို့တွင်...
October 28, 2024
မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့်...
October 25, 2024
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို...