ခင်ဦးမှာ ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦး လက်နက်ကြီးထိမှန်

ခင်ဦးမှာ ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ ၄ ဦး လက်နက်ကြီးထိမှန်

စစ်ကိုင်းတိုင်း ခင်ဦးတွင် စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာပြီးနောက် လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့သည့်အတွက် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ ၄ ဦး လက်နက်ကြီး ထိ မှန်ဒဏ်ရာ ရရှိခဲ့သည်။

ဩဂုတ်လ ၉ ရက်နေ့၊ နံနက်ပိုင်းက စစ်ကောင်စီတပ်သည် စစ်ကြောင်းနှစ်ကြောင်းဖြင့် ခင်ဦးမြို့နယ်ထဲက ကျေး ရွာများထဲ ဝင်ရောက်ပြီး လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် ယခုကဲ့သို့ ထိမှန်ဒဏ်ရာ ရရှိခဲ့ကြ ခြင်း ဖြစ်သည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အဖွဲ့ တာဝန်ရှိသူများက ပြောသည်။

“ခင်ဦးနယ် အနောက်ခြမ်းမှာတော့ စစ်တပ်က စစ်ကြောင်းထိုးရင်း လက်နက်ကြီးတွေနဲ့ပစ်တယ် ၁၀ ချက် မက ဘူး အဲ့မှာလက်နက်ကြီးက မရမ်းအင်းရွာထဲကျတယ်။ ဒေသခံ၄ဦးထိခိုက် ဒဏ်ရာရတယ်ပေါ့နော် အဲ့ဒီထဲမှာ ၁၀ နှစ်သား အရွယ် ကလေးငယ်တစ်ဦးလည်း ပါတယ်” လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦး က ပြောသည်။

လက်နက်ကြီးကြောင့် မရမ်းအင်းကျေးရွာသားများဖြစ်သည့် အသက် ၆၇ နှစ်အရွယ် ဒေါ်ဝင်းစိန်၊ အသက် ၄၉ နှစ် အရွယ် ဒေါ်မာလာဦး၊ အသက် ၃၃ နှစ်အရွယ် ကိုဇင်မျိုးထွန်းနှင့် အသက် ၁၀ နှစ်အရွယ် မောင်ဇင်လင်းဖြိုးတို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးနေခြင်းကြောင့် ခင်ဦးနယ်တောင်ဘက်ခြမ်းနှင့် အနောက်ဘက် ခြမ်းက ဒေသခံပြည်သူ ၈၀၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ခင်ဦး သတင်းမှန် ပြန်ကြားရေး အဖွဲ့ တာဝန်ရှိသူက ဆက်ပြောသည်။

“ဒီမနက်မှာ ခင်ဦးမှာ စစ်ကြောင်း နှစ်ကြောင်းဝင်ရောက်ခဲ့တယ်။ အဲ့ဒီစစ်ကြောင်းကြောင့် ဒေသခံရှစ်ထောင် ကျော် နေရပ်စွန့်ပြီးပြေးနေရတယ်။ အခုတော့ စစ်ကြောင်းနှစ်ကြောင်းလုံးက သူတို့အထိုင်နေရာတွေကို ပြန် ဆုတ်သွားပေမဲ့လို့ ဒေသခံအားလုံးတော့ ပြန်မဝင်နိုင်သေးဘူး” ဟု ပြောသည်။

ရွှေဘိုနယ် ဖုတ်ကုန်းပျူကျေးရွာနှင့် ရွှေဘိုမြို့ အမှတ်-၈ အခြေခံလေ့ကျင့်ရေးတပ် ပူးပေါင်းစစ်ကြောင်း အင် အား ၁၀၀ ခန့်သည် ခင်ဦးနယ်တောင်ဘက်ခြမ်းရှိ ကျေးရွာများထဲ ဝင်ရောက်လာနေပြီး ခင်ဦးနယ် အနောက် ဘက်ခြမ်းတွင်မူ အင်းပတ်ကွေ့ဈေးတန်း အထိုင်တပ်နဲ့ ရွာသစ်ကုန်းကျေးရွာက ပျူစောထီး ၃၀ ကျော် ခန့် ပူးပေါင်းကာ စစ်ကြောင်းထိုးနေခဲ့ခြင်း ဖြစ်သည်။

ခင်ဦးမြို့နယ်ထဲက အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ၊ ဆည်ကြီး၊ မရမ်းအင်း၊ ကုန်းသာ၊ လက်ပံလှ၊ ကျီးကန်၊ ရေအေးကုန်း၊ ရွာသန်း၊ ပဒွင်း၊ လက်ပံကြီး နှင့် လောင်းရှည်စသည့် ကျေးရွာပေါင်း ၁၃ ရွာက ဒေသခံ ၈၀၀၀ ကျော် ထွက်ပြေးနေရခြင်း ဖြစ်သည်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝှမ်း နေရပ်စွန့်ခွာထွက်ပြေးနေရသည့် အရပ်သား ၂ သန်းနီးပါးအထိ ရှိလာ နေပြီး ၎င်းတို့အနက် စစ်ရှောင်ဦးရေ ၇၇၈,၉၀၀ သည် စစ်ကိုင်းတိုင်းက ဖြစ်သည်ဟု ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး UNOCHA က ဩဂုတ်လ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...