သျှမ်း – ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသတွင် စစ်ရေးတင်းမာမှုများ၊ တိုက်ပွဲ ဖြစ်ပွားမှုများကြောင့် စစ်ရှောင်များထံ စားနပ်ရိက္ခာရောက်ရှိရန် ပိုမိုခက်ခဲလာနေကြသည်။
ပြီးခဲ့သည့် သြဂုတ် ၆ ရက်မှစ၍ လွိုင်ကော် – မိုးဗြဲ ကားလမ်းမကြီးပေါ်ရှိ ကျေးရွာတွင် တိုက်ပွဲပြန်လည် ဖြစ် ပွားပြီးနောက်ပိုင်း လမ်းမကြီး အသုံးပြုရန် တားမြစ်ထားကာ စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်း ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် KNDF B-02 က ထုတ်ပြန်ထားသည်။
အဆိုပါ နယ်စပ်ဒေသ၌ စစ်ရေးတင်းမာမှုများ၊ တိုက်ပွဲ ဖြစ်ပွားမှုများကြောင့် ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ရှောင် များထံ အလှူရှင်မှ ထောက်ပံ့သည့် စားနပ်ရိက္ခာရောက်ရှိရေး ပိုမိုခက်ခဲလာနေပြီး တစ်ဖက်မှာ ရိက္ခာသယ်ယူဖို့ အတွက် လမ်းပိတ်ထားသောကြောင့် သယ်ယူဖို့အတွက် ခက်ခဲလာနေကြောင်း ဖယ်ခုံဒေသခံ စစ်ရှောင် ကော်မတီဝင် တစ်ဦးက ပြောသည်။
“ဒီရက်ပိုင်း တိုက်ပွဲတွေ ပြန်ဖြစ်လာတော့ အလှူရှင်က ထောက်ပံ့တဲ့ဟာတွေ ရောက်ဖို့က ကြာတယ်။ WFP ပို့တဲ့ ဟာမျိုးဆိုရင် ရောက်တော့ရောက်တယ်။ အကုန်လုံးတော့ မရဘူး။ သူတို့ စီမံခန့်ခွဲပေးတာနဲ့ စစ်ရှောင်လက်ထဲကို တိုက်ရိုက် မရောက်ဘူးပေါ့။ အလှူရှင်ကတော့ ဒီလအတွင်း မလာသေးဘူး။ ပြီးခဲ့တဲ့ လက တစ်အိမ်ကို ဆန်တစ် ပြည်ရသေးတယ်။ လောဆယ် မိုးဗြဲဖက်ကို ဦးစားပေးနေတယ်ဆိုတော့လေ” ဟု ၎င်း ကော်မတီဝင် တစ်ဦးက ပြောသည်။
အလားတူ စစ်ရှောင်များအတွက် ရိက္ခာဝယ်ယူပြီး သယ်ယူဖို့အတွက် မိုးဗြဲလမ်းမကြီးကို အသုံးပြုရသော်လည်း လက်ရှိမှာ ဖြတ်သန်းသွား၍ မရတော့ကာ တခြားလမ်းမကြီးကို အသုံးပြုရပြီး PNO စစ်ဆေးရေးဂိတ်များ ဖြတ် သန်းသွားလာရသဖြင့် ဆေးဝါးနှင့် စားနပ်ရိက္ခာသယ်ယူ၍ မရဘူးဟု ဆိုသည်။
“မိုးဗြဲလမ်းကြောင်းက ပိတ်သွားပြီဆိုတော့ ကျနော်တို့က ဝယ်ဖို့အတွက် သွားလို့မရတော့ဘူး။ တခြား လမ်း ကြောင်းကို ပြန်သွားရတယ်။ အဲ့မှာ PNO ဂိတ်တွေရှိတယ်၊ ဆိုင်ကယ် ၁ စီးကို ၅၀၀ ကောက်တယ်။ ဓာတ်ဆီတို့ သယ်ရင်လည်း တစ်ပီပါ ကို ဘယ်လောက်ဆိုပြီး ကောက်တယ်။ ဆန်ကလုံးဝ ပေးမသယ်ဘူး“ ဟု ၎င်းစစ်ရှောင် ကော်မတီဝင် က ထပ်လောင်းပြောသည်။
ယင်းကဲ့သို့ စစ်ဆေးရေးဂိတ်၌ ဆန်များပေးမသယ်သောကြောင့် ခိုးသယ်ရပြီး လက်ရှိ ရွှေအပ်ဆန် အမျိုးအစား ၂၄ ပြည် တစ်အိတ်ကို ကျပ်ငွေ ၈ သောင်း ၄ ထောင် ပေးပြီး ဝယ်ယူနေရသည်။
ထို့အပြင် ဖယ်ခုံမြို့နယ် အနောက်ဖက်ခြမ်းဒေသရှိ စစ်ရှောင်များသည် စုစုပေါင်း ဦးရေ ၆ ထောင်ဝန်းကျင် ရှိနေပြီး စစ်ရှောင်များအတွက် တစ်လလျှင် ဆန်အိတ်ပေါင်း ၂၀၀ ကုန်ကျကြောင်းဆိုသည်။
“အခု ကျနော်တို့ဖက်က ခက်ခဲတာတစ်ခုပါပဲ၊ ဆန်နဲ့ဆီပေါ့နော်။ တချို့ဟာ ဟင်းသီးဟင်းရွက်တွေကတော့ တောင်ယာမှာ စစ်ရှောင်တွေ စိုက်ပျိုးထားတော့ ရှာစားရတာ လွယ်တယ်။ တချို့ဆန်သယ်သွားလို့ ရပေမယ့် မမှီတော့ မီးထဲ ပါသွားတာရှိတယ်။ ဒီလဆိုရင် ကျနော်တို့ဖက် မရောက်တော့ဘူး။ အဓိက မိုးဗြဲဖက် ဦးစား ပေးပြီး လှူနေတာ” ဟု စစ်ရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ထပ်လောင်းပြောသည်။
စစ်ကောင်စီ၏ အကျိုးစီးပွားဖြစ်စေသည့် လုပ်ငန်းယန္တရားများကို အရှိန်မြင့် တိုက်ဖျက်သွားမည် ဖြစ်သော ကြောင့် ပြည်သူများ ပူးပေါင်းပါဝင်ပေးရန် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ တိုက်တွန်းလိုက်ကြောင်း MBPDF (1001)မှ သြဂုတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။