ဗန်းမော်-လွယ်ဂျယ် ကုန်ပစ္စည်းတင်သွင်းခွင့် စစ်တပ်က ရက်အကန့်အသတ်မရှိပိတ်ပင်

ဗန်းမော်-လွယ်ဂျယ် ကုန်ပစ္စည်းတင်သွင်းခွင့် စစ်တပ်က ရက်အကန့်အသတ်မရှိပိတ်ပင်
လွယ်ဂျယ်အဝင်ဆိုင်းဘုတ်
လွယ်ဂျယ်အဝင်ဆိုင်းဘုတ်

ကချင်ပြည်နယ်၊ ဗန်းမော်- လွယ်ဂျယ်သွားလမ်းတွင် ကုန်ပစ္စည်းတင်သွင်းခွင့်ကို စစ်တပ်က ရက်အကန့်အသတ် မရှိ ပိတ်ပင်လိုက်သည်ဟု အမည်မဖော်လိုသူ လွယ်ဂျယ်ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က ဩဂုတ်လ ၆ ရက်နေ့ကနေစပြီး ဗန်းမော်-လွယ်ဂျယ် အဝင်အထွက်များကို စစ်ဆေးရေး ပိုမို တင်းကြပ်လာသည့်အပြင် ကုန်တင်သွင်းခွင့်ကို လုံးဝပိတ်ပင်လိုက်ပြီး ခရီးသည်တစ်ဦးကိုလည်း ခရီးဆောင်အိတ် တစ်အိတ်သာ သယ်ခွင့်ပြုနေသည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“ကုန်ပစ္စည်းတွေကို လုံးဝင်မတင်ခိုင်းတော့ဘူး ခုက လိုင်စင်ရှိတဲ့ကားတွေကိုလည်း ခရီးသည်တွေဘဲ တင်ခိုင်း တော့တယ်” ဟု ပြောသည်။

လက်ရှိမှာ ဗန်းမော်-လွယ်ဂျယ် ကားလမ်းပိုင်းတွင် လိုင်စင်ရှိသည့် ခရီးသည်ကားများကိုသာ ဝင်ခွင့်ပြုထားပြီး ကုန်ပစ္စည်းတင်သွင်းခွင့်ကို လုံးဝပိတ်ပင်လိုက်ခြင်းက စစ်ရေးတင်းမာနေသည့် KIO ဌာနချုပ် လိုင်ဇာမြို့နှင့် မိုင် ဂျာယန်မြို့ အပါအဝင် နမ်ဆန်ယန်ဘက်ကို အဓိက အစားအသောက် ဖြတ်တောက်ချင်မှုကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံများက သုံးသပ်ပြောဆိုသည်။

ဒေသခံတစ်ဦးက “လိုင်ဇာဘက်ကို ဒီကနေ အစားသောက်ကုန်တွေဝင်တယ် ဒါကြောင့်လိုင်ဇာဘက်ကို ပိုခက်ခဲ လာအောင် လုပ်တာဖြစ်တယ်လို့ သိရတယ်” ဟု ပြောသည်။

စစ်တပ်ဘက်က ယခုကဲ့သို့ ကုန်ပစ္စည်းတင်သွင်းခွင့် ပိတ်ပင်လိုက်ခြင်းနှင့် ပတ်သက်ပြီး၍ စာဖြင့် တရားဝင် ထုတ်ပြန်ထားခြင်းမျိုး မရှိသေးသလို မည်သည့် အကြောင်းအရင်းကြောင့် ပိတ်သည်ကိုလည်း ဒေသခံများက မသိရပေ။

လွယ်ဂျယ်တွင်နေထိုင်သည့် ပြည်သူများအတွက် အစားသောက်ခက်ခဲလာနိုင်သောကြောင့် စိုးရိမ်နေကြသည်ဟု ဒေသခံများက ပြောသည်။

လွယ်ဂျယ်မြို့မှာ မြန်မာ- တရုတ် နယ်စပ်ရှိ နယ်စပ်ကုန်သွယ်ရေးမြို့လေး ဖြစ်ပြီး အဓိက အခြေခံ စားသောက် ကုန်များ ဖြစ်သည့် ဆန်၊ ဆီများမှာ ဗန်းမော်ဘက်မှ အဓိကတင်သွင်းနေခြင်းလည်း ဖြစ်သည်။

လက်ရှိမှာ စစ်တပ်၏ ကန့်သတ်ချက်များကြောင့် လက်ရှိ ဗန်းမော် - လွယ်ဂျယ်လမ်း ယခင်က ခရီးသည် တစ်ဦးကို ကားခ ၃၀၀၀၀ ဝန်းကျင်သာ ပေးရသော်လည်း ယခုရက်ပိုင်းတွင် တစ်ဦးကို ကျပ် ၇ သောင်း အထိ မြင့်တက်နေသည်ဟု ဒေသခံများက ဆိုသည်။

ဗန်းမော်-လွယ်ဂျယ်လမ်းပိုင်းမှာ မိုင်အားဖြင့် ၅၀ ခန့်ဝေးသည့် လမ်းခရီးဖြစ်ပြီး ယခု လမ်းသွားလမ်းလာ ပြည်သူများကို အဓိက စစ်ဆေးနေသူမှာ ကျောက်စခန်းဂိတ်ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...