ရခိုင်ပြည်နယ် စစ်တွေမြို့မှတဆင့် မြောက်ဦးနှင့် မင်းပြားမြို့များသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ကား အချို့ သည် ကားလမ်းပိုင်းအချို့တွင် ရေကျော်နေ၍ ပြေးဆွဲမှု ယာယီရပ်ဆိုင်းထားရသည်။
ကျောက်တော်မြို့နယ်၊ ကန်စောက်တောင်အနီး၊ ကွမ်းအုံချောင်းကျေးရွာအနီး၊ ပြိန်းချောင်းကျေးရွာ အနီး၊ သရက် တပင်ကျေးရွာ စျေးအနီးနှင့် ကျောက်တော်နှင့် မြောက်ဦးကြားရှိ တိန်ညိုကျေးရွာ အနီးတို့တွင် ယနေ့ သြဂုတ်လ ၈ ရက်နေ့၊ နံနက်မှစတင်ကာ ကားလမ်းမပေါ်သို့ ရေ ၁ ပေခန့်အထိကျော်နေသည့် အတွက် ခရီးသည်တင် ကား အချို့ကို ယာယီရပ်ဆိုင်းထားရခြင်း ဖြစ်သည်ဟု ကားသမားများက ပြောသည်။
စစ်တွေ-မင်းပြားခရီးသည်တင်ယာဉ်လိုင်းမှ ကားသမား ကိုရွှေဘက “ဒီနေ့ ကျနော်လည်း မထွက်လိုက်ဘူး။ ဒီရေ က မင်းပြားမြို့ထဲမှာလည်း မြင့်တက်နေတယ်။ ပြီးရင် ကျောက်တော်နဲ့ မဟာမုနိနဲ့ သရက်တပင်ကြားပေါ့လေ။ အဲဒီနားတွေမှာလည်း လမ်းကို ရေကျော်လို့ ရှိပါတယ်။ ဒါကြောင့် လမ်းတွေမြုပ်နေလို့ ကျနော်တို့လည်း မထွက် ခဲ့ဘူး။ လမ်းမှာ ရေပြည့်နေရင် ဟိုကိုသွားမရ၊ ဒီကိုသွားမရဖြစ်မှာကြောက်လို့ ဒီနေ့တော့ မထွက်ခဲ့ဘူး” ဟု ပြော သည်။
မည်သည့်နေ့အထိ ရပ်နားထားရမည်ဆိုသည်ကို လောလောဆယ် မခန့်မှန်းနိုင်သေးဟုလည်း ဆိုသည်။
လက်ရှိတွင် မင်းပြား၊ မြောက်ဦးနှင့် ကျောက်တော်မြို့နယ်တို့၌ မြစ်ရေများ ဆက်လက် မြင့်တက်နေဆဲဖြစ်ပြီး လယ်ကွင်းပြင်များမှ တဆင့် ကားလမ်းမပေါ်သို့လည်း ရေများ ကျော်လွန်ရောက်ရှိနေကြောင်း ကားသမားများက ပြောသည်။
သို့ရာတွင် အချို့ခရီးသည်တင်ကားများကလည်း အခြေအနေကိုကြည့်ကာ ယနေ့ ပြေးဆွဲခဲ့မှုများ ရှိခဲ့သည်ဟု ကားသမားများက ပြောသည်။
စစ်တွေ-မြောက်ဦးခရီးသည်တင်ယာဉ်လိုင်းမှ ကားသမား ကိုမျိုးသန့်ဇင်က “စစ်တွေကလာရင် အပေါက်ဝရွာကို မရောက်ခင် ကွမ်းအုံချောင်းနားမှာဆို လယ်ကွင်းကနေ ရေက ရွာထဲကို ဝင်နေတယ်။ လယ်ကွင်းမှာ ရေပြည့်ပြီး တော့ လမ်းမပေါ်ကို ရောက်ပြီးတော့ အဲဒီနေရာမှာ ရေစီးက နည်းနည်း ပြင်းတယ်။ ကျန်တဲ့နေရာတွေမှာတော့ ရေကျော်နေတာ။ အဲလောက်ထိ မပြင်းဘူး။ မိုးကတော့ ရွာနေဆဲပဲ။ မနက်ဖြန်လောက်တော့ ကားလမ်းက အဆင်ပြေမယ် မထင်တော့ဘူး” ဟု ပြောသည်။
မိုးဆက်လက် ရွာသွန်းလျက်ရှိပြီး ကားလမ်းမပေါ်သို့ ရေများလည်း ဆက်လက်ကျော်လွန် ရောက်ရှိလာနိုင်သည့် အတွက် မနက်ဖြန်တွင်လည်း ခရီးသည်တင်ကားများ ထွက်ခွာနိုင်မည်မဟုတ်ဟု ကားသမားများက ပြောသည်။
စစ်တွေ-ရန်ကုန် နှင့် စစ်တွေ-မန္တလေးသို့ ပြေးဆွဲနေသည့် ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများကမူ ရပ် နားထားခြင်း မရှိသေးဘဲ ပြေးဆွဲနေကြဆဲဟု ကားဂိတ်တာဝန်ရှိသူအချို့က နိရဉ္စရာကို ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် ယနေ့ နံနက် ၂ နာရီခွဲမှ ဩဂုတ်လ ၁၁ ရက်နေ့၊ နံနက် ၂ နာရီခွဲအထိ ၃ ရက်အတွင်း မိုးအလွန် သည်းထန်နိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဦးဝင်းနိုင်က သတိပေးထားသည်။
ယင်းသို့ မြစ်ရေနှင့် ချောင်းရေများမြင့်တက်နေသည့်အတွက် ကျောက်တော် မြို့နယ်နှင့် မြောက်ဦးမြို့နယ်တို့ရှိ စစ်ဘေးရှောင်များ အပါအဝင် ဒေသခံထောင်နှင့်ချီ ဘေးလွတ်ရာသို့ ရွေ့ပြောင်းနေကြရသည်။