စစ်တွေရှိ KTV နှစ်ခုမှ ပိုင်ရှင်နှင့် ဝန်ထမ်းများ စုစုပေါင်း ၆၀ ကျော် ဗီဒီယိုဥပဒေ ပုဒ်မ - ၃၂ ဖြင့် အမှုဖွင့်ခံထားရ

စစ်တွေရှိ KTV နှစ်ခုမှ ပိုင်ရှင်နှင့် ဝန်ထမ်းများ စုစုပေါင်း ၆၀ ကျော် ဗီဒီယိုဥပဒေ ပုဒ်မ - ၃၂ ဖြင့် အမှုဖွင့်ခံထားရ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ White House နှင့် Sweet Dream KTV နှစ်ခုမှ ပိုင်ရှင်များနှင့် ဝန်ထမ်းစုစုပေါင်း ၆၀ ကျော်သည် ထောင် ၃ နှစ်အထိ ချမှတ်ခံရနိုင်သည့် ပုဒ်မဖြင့် စစ်တွေမြို့မရဲစခန်းတွင် အမှုဖွင့်ခံထားရသည်ဟု နီးစပ်သူများက ပြောသည်။

White House KTV မှ ပိုင်ရှင်နှင့် မန်နေဂျာအပါအဝင် ဝန်ထမ်းစုစုပေါင်း ၄၉ ဦးနှင့် Sweet Dream KTV မှ ပိုင်ရှင် နှင့် မန်နေဂျာအပါအဝင် ဝန်ထမ်းစုစုပေါင်း ၁၅ ဦး၊ စုစုပေါင်း ၆၄ ဦးတို့သည် ဇူလိုင်လ ၃၁ ရက်တွင် ရုပ်မြင်သံ ကြားနှင့် ဗီဒီယိုဥပဒေ ပုဒ်မ - ၃၂ ဖြင့် အမှုဖွင့်ခံထားရခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရရုံးနှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

“သူတို့ အမှုဖွင့်ခံထားရတာ ဟုတ်ပါတယ်။ အယောက် ၆၀ ကျော်တောင် အမှုဖွင့်ခံထားရတာ” ဟု ပြောသည်။

အိမ်ဖြူတော်ဟု လူသိများသည့် White House KTV သည် စစ်တွေမြို့၊ အနောက်စံပြရပ်ကွက် တွင်ရှိပြီး Sweet Dream KTV သည် စစ်တွေမြို့၊ မင်းဂံရပ်ကွက် (ဝန်ထမ်းအကွက်)တွင် ရှိသည်။

အဆိုပါ KTV နှစ်ခုအပါအဝင် စစ်တွေမြို့၊ မကျည်းမြိုင်ရပ်ကွက်ရှိ Rock & Roll KTV တို့ကို ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်၊ ည ၁၂ နာရီကျော် အချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက အင်အား အများအပြား ဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ဆိုင်အတွင်းရှိ မန်နေဂျာနှင့် ဆိုင်ဝန်ထမ်းများအပါအဝင် ဆိုင်သို့ရောက်ရှိနေသည့် ဧည့်သည်များကို လည်း စစ်တွေမြို့မရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးထားသူများကို နောက်တစ်နေ့ ဇူလိုင်လ ၃၁ ရက်တွင် အမှုဖွင့်ပြီး အာမခံဖြင့် ပြန်လွှတ်ပေးခဲ့သည်။

အမှုဖွင့်ခံလိုက်ရသည့် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေ ပုဒ်မ - ၃၂ သည် ငွေကျပ် ၁ သိန်းဖြစ်စေ၊ ထောင်ဒဏ် ၃ နှစ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

အဆိုပါ KTV များကို ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းမှာ စစ်တွေရှိ KTV များအား ယာယီပိတ်သိမ်းထားပြီး ဖွင့်လှစ်ခြင်း မပြုပါဟု ပြည်နယ်စစ်ကောင်စီထံ လက်မှတ်ရေးထိုးထားသည်ကို KTV များဘက်က ချိုးဖောက်ခဲ့သည့်အတွက် ဖြစ်သည်ဟု နီးစပ်သူများက ပြောသည်။

ပြည်နယ်အတွင်းရှိ KTV များကို ည ၁၂ နာရီကျော်လွန်ကာ သတ်မှတ်ချိန်ထက် ပိုဖွင့်ခဲ့သောကြောင့် ဖမ်းဆီး အမှု ဖွင့်ခံရခြင်း ဖြစ်သည်ဟုလည်း သတင်းများထွက်ပေါ်နေသော်လည်း မည်သည့်အတွက် ဖမ်းဆီးအမှုဖွင့်ခဲ့သည်ကို သိနိုင်ရေး စစ်တွေမြို့မရဲစခန်းသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

အလားတူ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကိုလည်း ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာ ယခုကိစ္စနှင့် ပတ်သက် ၍ ရဲစခန်းတာဝန်ရှိသူများကိုသာ မေးမြန်းရန် ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စားသောက်ဆိုင်များ၊ KTV များ၊ Bar များ၊ စင်တင်တေး ဂီတ များ၊ နိုက်ကလပ်(Night Club)များနှင့် အနှိပ်ခန်းများကို ခွင့်ပြုထားသည့် လုပ်ငန်းလိုင်စင်များ အတိုင်းသာ ဖွင့် လှစ်ရန်နှင့် ခွင့်ပြုမိန့်မရဘဲ လုပ်နေသူများကို ဇူလိုင်လ ၅ ရက်မှစတင်ပြီး ပိတ်သိမ်းကြရန် ယခုနှစ်အတွင်း ညွှန် ကြားချက်ထုတ်ပြန်ထားသည်။

ယင်းသို့ ညွှန်ကြားချက်ထုတ်ပြီးနောက် ဇွန်လမှ စတင်ကာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်း ဒေသ ကြီးနှင့် ကချင်ပြည်နယ်တို့ အပါအဝင် ကရင်ပြည်နယ်ရှိ မြဝတီမြို့နှင့် မွန်ပြည်နယ်၊ မော်လမြိုင် စသည့် မြို့များရှိ KTV များကို စစ်ကောင်စီက စစ်ဆေးမှုများပြုလုပ်ပြီး စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိသည့် KTV များကို ဖမ်းဆီးအရေးယူခြင်းများ ပြုလုပ်လျက်ရှိ သည်။

အလားတူ စစ်တွေရှိ KTV များကိုလည်း စစ်ကောင်စီက ရှောင်တခင် ဝင်ရောက်စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။

ဓာတ်ပုံ - စစ်ကောင်စီ၏စီးနင်းခြင်းခံခဲ့ရသည့် အိမ်ဖြူတော်(ခေါ်) White House KTV အား တွေ့ရစဉ်။ (Photo - Internet)

Most read this week

October 29, 2024
စစ်ကောင်စီသည် မြန်မာပြည်မမှ ရခိုင်သို့ ကုန်ပစ္စည်း တင်ပို့သည့် ကုန်တင်ကားများနှင့် စက်လှေ၊...
October 29, 2024
ရခိုင်ပြည်၊ အမ်းမြို့ပေါ်မှာ စစ်ရှောင်များအပါအဝင် ဒေသခံပြည်သူများ ဆန်အပါအဝင်...
October 28, 2024
တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင် ထောင်နှင့်ချီပြီး ပိတ်မိနေကာ ရိက္ခာ...
October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...