ရပ်ရွာများအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်

ရပ်ရွာများအတွင်း လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံများ စိုးရိမ်

တနင်္သာရီမြို့နယ်ထဲ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျေးရွာတစ်ခုအတွင်းသို့ ကျရောက်ပေါက်ကွဲသည့်အတွက် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်အပြင် ဩဂုတ်လဆန်းအထိ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်ရှိနေသောကြောင့် ဒေသခံများက စိုးရိမ်နေကြသည်။

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဘန်လောကျေးရွာထဲသို့ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက် ကြီးကျည် ကျရောက်ပေါက်ကွဲသည့်အတွက် ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဘန်လောကျေးရွာက အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “တဂျိမ်းဂျိမ်းနဲ့ လက်နက်ကြီးသံတွေကြားတော့ ရွာသားတွေက နီးရာ လုံခြုံမယ်ထင်တဲ့နေရာတွေမှာ ပုန်းနေကြရတာ၊ အခုကျည်စမှန်တဲ့  ၂ ယောက်ကအိမ်အောက်မှာ ဆင်းပုန်းနေတုန်း အိမ်အနားမှာ ကျကွဲတဲ့ ကျည်စထိမှန်ခဲ့တာပါ”  ဟု ပြောသည်။

ထို့အပြင် ဩဂုတ်လဆန်းအထိ လက်နက်ကြီးကျည်များဖြင့် ကျေးရွာများဘက်သို့ စစ်တပ်က လက်နက်ကြီး ကျည်များဖြင့် ပစ်ခတ်နေသေးသည်ဟု ဒေသခံများက ဆိုသည်။ ထိုကြောင့် ပြည်သူများအနေဖြင့် နေ့စဉ်ဘဝ အတွက် စိုးရိမ်နေကြသည်ဟု ပြောသည်။

ကျေးရွာထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် အသက် ၅၀ အရွယ်ခန့် အမျိုးသမီး ၂ ဦး၏ ခြေထောက်ကို လက်နက်ကြီး ကျည်ထိမှန်ခဲ့သည်ဟု ဆိုသည်။ သို့သော် မစိုးရိမ်ရသည့် ဒဏ်ရာသာ ရရှိခဲ့သည် ဟု ပြောသည်။

ဘန်လောကျေးရွာမှ ဒေသခံအမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် လက်နက်ကြီးပစ်ခတ်မှုကို  အောက် ကင်းရွာ အခြေစိုက် စစ်ကောင်စီတပ်၏ မခရ ၅၅၇ တပ်ရင်းနှင့် ဗောဓိကမ်းရွာ အခြေစိုက် ခလရ ၅၆၁ တို့က ဇူလိုင်လ ၂၆ ရက်နေ့က  လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ထို့နေ့က လက်နက်ကြီး ပစ်ခတ်မှုကို စစ်ကောင်စီတပ်က ၂၇ ကြိမ်အထိ ပြုလုပ်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်က ဘန်လောကျေးရွာနှင့် တစ်ဆက်တည်းရှိသည့် ဘန်လင်ကျေးရွာဘက်ကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သေးသော်လည်း ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ချိန်နှင့် တစ်ပြိုင်နက်တည်း အင်တာလိုင်းအပါအဝင် တယ်လီနောဖုန်း လိုင်းနှင့် MPT ဖုန်းလိုင်းများပါ လုံးဝပြတ်တောက်ခဲ့ပြီး ညနေ ၃ နာရီခွဲခန့်မှသာ ဖုန်းလိုင်းများ ပြန်လည် ရရှိခဲ့ သည်ဟု ဘန်လောရွာသားများက ပြောသည်။

တနင်္သာရီမြို့နယ် ဘန်လောကျေးရွာအုပ်စုအတွင်းရှိ ဘန်လော၊ ဘန်လင်၊ သမီးလှ၊ ကော်တော စသည့်ရွာများ ဘက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်လေ့ရှိသည့်အပြင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အခါလည်း ရှိသည်ဟု ဆိုသည်။

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ထဲတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား မကြာခ ဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး တိုက်ပွဲဖြစ်ပွားသည့် အချိန်တိုင်းတွင် စစ်ကောင်စီတပ်က  ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များမှာ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲသည့်အတွက် အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်ဟု ဒေသခံများက ပြောသည်။

Most read this week

October 30, 2024
စစ်အာဏာသိမ်း ကာလအတွ်း ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် နိုင်ငံရေးအကျဉ်းသား...
October 28, 2024
မိုးကုတ်မြို့ရှိ တစ်ပိုင်တစ်နိုင် ကျောက်မျက်တွင်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး...
October 28, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းတောင်းနှင့် သစ်ပင်ကောက်ကျေးရွာကို ပြီးခဲ့သည့်...
October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...