သျှမ်း - ကရင်နီ တိုက်ပွဲကြောင့် အရပ်သား သေဆုံးမှုနှုန်း မြင့်တက်နေ

သျှမ်း - ကရင်နီ တိုက်ပွဲကြောင့် အရပ်သား သေဆုံးမှုနှုန်း မြင့်တက်နေ

သျှမ်း - ကရင်နီ (ကယား) တကြောတိုက်ပွဲကြောင့် အရပ်သား သေဆုံးမှုနှုန်းမြင့်တက်လာနေဟု တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF)က ထုတ်ပြန်လိုက်သည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည် နယ်စပ်ဒေသ နှင့် ကရင်နီ (ကယား) ပြည်တွင် စစ်ရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း နှင့် ပတ်သက်၍ အရပ်သား ၃၇၅ ဦး သေဆုံးခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှု ၅၇၂ ကြိမ် ရှိခဲ့ကြောင်း တိုးတက်သောကရင်နီ ပြည်သူ့ အင်အားစု (PKPF) က သြဂုတ်လ ၁ ရက်နေ့တွင် ထုတ် ပြန်ထားသည်။

၂၀၂၃ ဧပြီလမှ စတင်၍ အရပ်သား သေဆုံးမှု လူဦးရေ စုစုပေါင်း ၃၁၈ ဦး ရှိခဲ့ပြီး ဇူလိုင်လကုန်အထိ အရပ်သား သေဆုံးမှုသည် လူဦးရေ စုစုပေါင်း ၃၇၅ ဦးထိ မြင့်တက်လာသောကြောင့် (၃) လတာကာလအတွင်း အရပ်သား သေဆုံးမှု ၅၇ ဦး ရှိလာခဲ့သည်။

မေ၊ ဇွန်၊ ဇူလိုင် ၃ လတာ ကာလအတွင်း ဇွန်လတွင် အရပ်သားသေဆုံးမှု အများဆုံးရှိခဲ့ရာ ထိုလတွင် သေဆုံးသူ ၃၉ ဦး ရှိခဲ့သည်။

ထိုသို့ အရပ်သားသေဆုံးမှုများသည် တိုက်ပွဲဖြစ်ပွားရာ နယ်မြေဒေသအတွင်း စစ်ကောင်စီသည် အရပ်သားများ ကို ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရခြင်း၊ မိုင်းနင်းမိခြင်း ကြောင့် သေဆုံးရခြင်းနှင့် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုကြောင့် ထိမှန်သေဆုံးရခြင်း ဖြစ်ကြောင်း PKPF တာဝန်ခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) မှ တာဝန်ခံတစ်ဦးက “အများဆုံးကတော့ စစ်ကောင်စီ ဖမ်းဆီး သတ်ဖြတ်ခံရသူတဲ့တွေ အများဆုံးပဲ ၂၃၉ ယောက်လောက်ရှိတယ်။ နောက်ပြီး စစ်ကောင်စီ လက်နက် ကြီး ရမ်းသမ်းပစ်ခတ်လို့ လက်နက်ကြီး ကျည်ထိမှန်ပြီး သေဆုံးတဲ့ပြည်သူက ၇၈ ယောက်ရှိတယ်။ ကျန်တာ တော့ မိုင်းနင်းမိလို့ သေဆုံးတဲ့သူတွေ၊ လေကြောင်းတိုက်ခံရလို့ သေဆုံးရတာတွေ ပေါ့“ ဟု ပြောသည်။

ယခု ထုတ်ပြန်ချက်ထဲ၌ လက်လှမ်းမှီသမျှသာ ပြုစုထားခြင်း ဖြစ်သောကြောင့် မြေပြင်အခြေအနေ နှင့် အနည်းငယ် ကွဲလွဲနေနိုင်သလို ပြုစုထားသည့် စာရင်းထက် သေဆုံးမှုများနေနိုင်ကြောင်းလည်း ၎င်းကဆိုသည်။

အလားတူ သျှမ်း - ကရင်နီ (ကယား) ပြည်နယ်စပ်ဒေသ မိုးဗြဲမြို့တွင် စစ်တပ်က အာဏာသိမ်းပြီးချိန်မှစပြီး ဇွန်လ ၁၇ ရက်နေ့ အထိ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ စုစုပေါင်း ၆၁ ကြိမ် ဖြစ်ပွားပြီး အရပ်သား ၆၆ ဦး သေဆုံးခဲ့ရသည်။

လက်ရှိအချိန်ထိ သျှမ်း - ကရင်နီ (ကယား) ပြည် နယ်စပ်ဒေသ ဖယ်ခုံ၊ မိုးဗြဲ ဒေသတွင် စစ်ကောင်စီနှင့် ပြည်သူ့ ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေလျက်ရှိသောကြောင့် လူဦးရေ  ၁ သိန်းဝန်းကျင်က စစ်ဘေးရှောင် ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများမှာ နေထိုင်စားသောက်ရေးအပြင် ကျန်းမာရေးဝန်ဆောင်မှုများ လုံလောက်စွာ မရသောကြောင့် ခက်အခဲများ ဖြစ်နေကြသည်။

“ကျမ လိပ်ခေါင်း ဖြစ်နေတာ ဆေးမသောက်ရတာ ၂ လရှိပြီ။ အလှူရှင်ကမရှိ၊ ဝင်ငွေကလည်းမရှိတော့ ဆေး ဝယ်မသောက်ရဘူး။ အခုတလော ရောဂါက ပြန်ဖြစ်လာတယ်။ ရောဂါပြန်ဖြစ်လာတော့လည်း နာနာနဲ့ ခံရတာ ပေါ့“ ဟု ဖယ်ခုံမြို့နယ် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ထိုကဲ့သို့ ဆေးဝါးလုံလောက်မှု မရှိသောကြောင့် တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင် များသည် အချိန်မှီ ဆေးကုသခွင့် မရသောကြောင့် သေဆုံးမှုများ ရှိလာနေပြီး အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာ လအတွင်း စစ်ရှောင်ရင်း တောတောင်နှင့် စခန်းများထဲ သေဆုံးမှု စာရင်းမှာ စုစုပေါင်း ၁၄၁ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်း - ကရင်နီ (ကယား) ပြည် နယ်စပ်ဒေသ ဖယ်ခုံ၊ မိုးဗြဲ နှင့် ပင်လောင်း မြို့နယ်ဒေသများတွင် စစ်တပ်က နယ်မြေပြန်လည် ထိန်းချုပ်နိုင်ရေး စစ်ကြောင်းထိုးနေခြင်း၊ လေကြောင်း တိုက် ခိုက်ခြင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကို ပြုလုပ်နေသောကြောင့် တိုက်ပွဲများကလည်း နေ့စဉ် ရက်ဆက် ဖြစ်ပွားနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

Most read this week

October 31, 2024
သျှမ်းပြည် ကျေးသီးမြို့နယ်သို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၅၀၀)...
October 30, 2024
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်ပြီး နေရပ်ပြန်သွားသည့် ဒေသခံများကို...
October 29, 2024
မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ပန်ဆန်းဂိတ်ကြီး နှင့် တာလော့ဂိတ်တို့တွင်...
October 28, 2024
မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့်...