ကျောက်ဖြူတွင် စစ်တပ်နှင့်ရဲပူးပေါင်းပြီး ရပ်ကွက်အချို့မှ လူနေအိမ်များကို ညဉ့်အချိန် ဝင်ရောက်စစ်ဆေး

ကျောက်ဖြူတွင် စစ်တပ်နှင့်ရဲပူးပေါင်းပြီး ရပ်ကွက်အချို့မှ လူနေအိမ်များကို ညဉ့်အချိန် ဝင်ရောက်စစ်ဆေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် စစ်ကောင်စီတပ်သားများနှင့် ရဲတပ်ဖွဲ့ဝင် အင်အား အများအပြားသည် ရပ်ကွက်အချို့မှ လူနေအိမ်များကို ညဉ့်အချိန် ဧည့်စာရင်းလာစစ်သည်ဟုဆိုပြီး နေအိမ်အတွင်းသို့ ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ဝင်ရောက်စစ်ဆေးခံရသည့် ရပ်ကွက်အချို့မှာ ကျောက်ဖြူမြို့ပေါ်မှ အရာရှိ ရပ်ကွက်၊ အနောက်ပိုင်း ရပ်ကွက် နှင့် တောင်ရင်းရပ်ကွက်တို့ဖြစ်ပြီး သြဂုတ်လ ၂ ရက်နေ့၊ ည ၁၀ နာရီကျော်ခန့်က ဝင်ရောက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု တောင်ရင်းရပ်ကွက်မှ မြို့ခံတစ်ဦးကပြောသည်။

“ဧည့်စာရင်း လာစစ်ကြတာလို့တော့ ပြောတယ်။ အိမ်တိုင်းကိုတော့ မဟုတ်ဘူး။ မိုးတွေလည်း အဆက်မပြတ် ရွာနေတယ်။ နေ့တိုင်းလိုလို ၉ နာရီနောက်ပိုင်းဆို စစ်ကား၂ စီးနဲ့ ရဲကား ၁ စီးအမြဲပါတယ်။ မထင်ရင်မထင်သလို စစ်တယ်” ဟု ပြောသည်။

ယင်းနေ့ညက ကျောက်ဖြူမြို့၊ တောင်ရင်းရပ်ကွက်မှ ဦးအာနီချေ၏ နေအိမ်၊ အရာရှိရပ်ကွက်မှ ဦးခင်မောင်သန်း ၏ နေအိမ်၊ အနောက်ပိုင်းရပ်ကွက်မှ ကိုတေဇာလင်းနှင့် ဦးပြောင်ချေတို့၏ နေအိမ်များကိုသာ ဝင်ရောက် စစ်ဆေးများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အရာရှိရပ်ကွက်မှ မြို့ခံတစ်ဦးက “အဲဒီနေ့က ညအတော်နက်နေပြီ။ စစ်ကားလို့ထင်ရတာပဲ။ ရပ်ကွက်ထဲက အိမ် ၂ ဆောင်ကို ဝင်စစ်တယ် ပြောတယ်။ ဧည့်စာရင်းစစ်တယ်ဆိုပြီး အိမ်တိုင်းတော့ မဟုတ်ဘူး။ မနက်မိုးလင်းမှ စုံ စမ်းကြည့်ပြီး သိရတာ။ ဟိုအရင်ကတော့ ဧည့်စာရင်းစစ်လေ့ စစ်ထမရှိဘူး။ အခုတော့ ညတိုင်းလိုလို ရပ်ကွက် တွေကို ဝင်စစ်တယ်။ လူသွားလူလာလည်းပြတ်တယ်” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း ရပ်ကွက်တိုင်းလိုလို ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်နေ၍ စိုးရိမ်မှုများ ရှိနေကြသည်ဟု မြို့ခံများက ပြောသည်။

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်ကတည်းက တစ်ဘက်နှင့် တစ်ဘက်နားလည်မှုဖြင့် အပစ်ရပ်စဲထားကြသည်မှာ ယခုအချိန်ထိဖြစ်သည်။

ယင်းသို့ အပစ်ရပ်ထားစဉ်ကာလအတွင်း စစ်ကောင်စီဘက်က AA ထိန်းချုပ်ရာ နယ်မြေများတွင် ဒရုန်းများဖြင့် ကင်းထောက်ခြင်း၊ AA ထိန်းချုပ်ရာ နယ်မြေများသို့ ဝတ်စုံနှင့် လက်နက်အပြည့်အစုံဖြင့် ဝင်ရောက်ရန် ကြိုးပမ်း ခြင်း၊ ကုန်းလမ်းရေလမ်းမှတဆင့် စစ်အင်အား၊ လက်နက်အင်အားနှင့် ရိက္ခာများ ဖြည့်တင်းခြင်း၊ ရခိုင်ရှိ မြို့ပေါ် များတွင် လမ်းသွားလမ်းလာများကို ယခင်ထက် ပိုမိုစစ်ဆေး တင်းကျပ်လာခြင်း၊ စစ်တပ်စခန်းများမှ လက်နက် ကြီး၊ လက်နက်ငယ်များ ပစ်ဖောက်ခြင်းများနှင့် ညအချိန် နေအိမ်များအတွင်း ဝင်ရောက်စစ်ဆေးခြင်းများကို ပြုလုပ်လာသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ လုပ်ရပ်များကြောင့် စစ်ကောင်စီသည် နားလည်မှုဖြင့် အပစ်အခတ် စတင်ရပ်စဲစဉ်က သဘောတူညီ ထားသည့်  ကတိကဝတ်များကို ချိုးဖောက်မှုများ ရှိနေသည်ဟု  ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ပြောခွင့်ရသူ ဦးခိုင်သုခက မီဒီယာများကို ပြောဆိုထားသည်။

Most read this week

October 29, 2024
စစ်ကောင်စီသည် မြန်မာပြည်မမှ ရခိုင်သို့ ကုန်ပစ္စည်း တင်ပို့သည့် ကုန်တင်ကားများနှင့် စက်လှေ၊...
October 29, 2024
ရခိုင်ပြည်၊ အမ်းမြို့ပေါ်မှာ စစ်ရှောင်များအပါအဝင် ဒေသခံပြည်သူများ ဆန်အပါအဝင်...
October 28, 2024
တိုက်ပွဲဖြစ်ပွားနေသည့် အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင် ထောင်နှင့်ချီပြီး ပိတ်မိနေကာ ရိက္ခာ...
October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...