ပြည်တွင်း ကုန်ဈေးနှုန်းကြီးမြင့်မှု ကျဆင်းစေဖို့အတွက် စစ်ကောင်စီက ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီကို ဖွဲ့စည်းထားပေမယ့် လက်တွေ့မှာ ထိရောက်မှုမရှိနိုင်ဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေက ဝေဖန် လိုက်ပါတယ်။
စစ်ကောင်စီက ပြည်သူတွေ စားဝတ်နေရေး ပြေလည်မှုရှိစေဖို့ အခြေခံ စားသောက်ကုန်ဈေးနှုန်း အပါအဝင် ကုန် ဈေးနှုန်းတည်ငြိမ်ရေး ထိန်သိမ်းဆောင်ရွက်နိုင်ဖို့အတွက် ဆိုပြီး ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မ တီကို ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့မှာ ဖွဲ့စည်းထားတာပါ။
ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီအနေနဲ့ အခြေခံစားကုန်ပစ္စည်းတွေဖြစ်တဲ့ ဆန်၊ စားသုံးဆီနဲ့ မီးဖိုချောင်သုံး ကုန်ပစ္စည်းတွေကို ဈေးနှုန်းတည်ငြိမ်အောင် ဦးစားပေးဆောင် ရွက်ဖို့၊ ဒေသအလိုက် ကုန်ဈေးနှုန်းတည် ငြိမ် အောင် လိုအပ်တဲ့ ပေါင်းစပ်ညှိနှိုင်းမှုအတွက် အဖွဲ့တွေဖွဲ့စည်းဖို့ အပါအဝင်လုပ် ငန်းစဉ် ၁၀ ရပ် ချမှတ်ထားပါတယ်။
စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက “သူဘာသူ ဘာကော်မတီဘဲ ဖွဲ့ဖွဲ့၊ ကြိုက်တဲ့ကော်မတီဖွဲ့လေ။ အဓိက က ဘတ် ဈေးကျ အောင်ချရမှာ။ ဘတ်ဈေးကတစ်ဘတ်ကို (၁၀၀) ဖြစ်သွားပြီလေ။ အရင်တုန်းက (၈၅)ကျပ်လေ။ အဲဒီ အခါကျတော့ (၁၀၀)ကို (၁၅) ရာခိုင်နှုန်းတက်တဲ့အတွက်ကြောင့်မို့လို့ ဒီ(၁၅) ရာခိုင်နှုန်းကျအောင် ဘယ်လိုလုပ် မှာလဲ။ ဒေါ်လာဈေးက (၃၃၀၀) ဖြစ်သွားပြီးကွာ။ (၁၀) ရာခိုင်နှုန်းလောက်တက်တော့ နိုင်ငံခြားငွေ လဲ လှယ်မှုနှုန်း တက်တဲ့အတွက် ကိုယ်မြန်မာငွေတန်ဖိုး ကျနေတဲ့ကာလပတ်လုံး ကုန်ဈေး နှုန်းက တက်နေမှာလေကွာ” လို့ ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ဘယ်လိုကော်မတီတွေပဲ ဖွဲ့ဖွဲ့ မြန်မာငွေ တန်ဖိုး ဆက်တိုက်ကျဆင်းမှုအပေါ် ဖြေရှင်းနိုင်းခြင်း မရှိသေးတဲ့အတွက် ကုန်ဈေးနှုန်းတည်ငြိမ်အောင် လုပ်ဆောင်နိုင်ဖို့မရှိဘူးလို့ စီးပွားရေး လုပ်ငန်းရှင်တချို့က ဝေဖန်ပါတယ်။
“မြန်မာငွေ ကြေးတန်ဖိုးကျနေတာ၊ လူတွေက မြန်မာငွေကြေးနဲ့ဘဲ သုံးစွဲနေရတာမဟုတ်ဘူးလေ၊ နိုင်ငံခြားငွေနဲ့ ပါသုံးစွဲနေရတာဆိုတော့ နိုင်ငံခြားငွေလဲတဲ့သူတွေက ကစားနေတာပေါ့။ အဓိကတော့ မူဝါဒတွေ ဖြေလျော့ပေး ရမှာပေါ့ကွာ။ ပြီးလို့ရှိရင် ကိုယ့်မြန်မာငွေတန်ဖိုးတက်အောင် လုပ်ရမှာပေါ့၊ ဖြေလျော့တာတွေလုပ်ပြီးတော့ ကိုယ့်မြန်မာငွေ တန်ဖိုးတက်အောင် လုပ်ပေးလို့ရှိရင်တော့ အ ဆင်ပြေသွားမှာပေါ့” လို့ ဆက်ပြောပါတယ်။
စစ်ကောင်စီက ကုန်ဈေးနှုန်းတည်ငြိမ်ဖို့ ကော်မတီဖွဲ့စည်းထားပေးမယ့် လက်ရှိအချိန်ထိ ကုန်ဈေးနှုန်းတွေ ကျဆင်းလာခြင်း မရှိသေးသလို ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူဂယက်ကြောင့်လည်း အခြေခံကုန် ပစ္စည်းဈေးနှုန်း တဆထက်တဆ ထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။
ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူကြောင့် ရွှေနဲ့ဒေါ်လာဈေးနှုန်းတွေ ပြန်လည်ကျဆင်းခြင်းမရှိဘဲ အမြင့်ဈေးမှာပဲ ဆက်ရှိနေတယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“(၂)သောင်းတန်ဂယက်ကြောင့် ဆိုပြီးတော့ ဈေးကဝုန်းဆိုတက်သွားတယ်။ အဲဒီဟာက ပြန်ကိုမကျနိုင်ဘူး။ အခု ချိန်ထိဖြစ်နေတယ်။ ရွှေက (၃၅၇၀၀၀၀) ပြန်မကျဘူး။ အတက်ဈေးမှာကို သူတို့ကဆွဲမချဘဲနဲ့ တင်းထားသလို ဖြစ်နေတာပေါ့နော်။ ဒေါ်လာလည်း ထို့နည်းတူပဲလေ။ အတင်းကိုအတက်ဈေးနဲ့တင်ပဲမှေးထားတာ၊ မြန်မာ့ ရွှေ ဈေးကလည်း အခုလောလောဆယ် ကမ္ဘာ့ရွှေဈေးနဲ့ ယှဉ်ရင်တောင်မှ (၅)သောင်းလောက် မြင့်နေသေးတယ်။ အခု ဒေါ်လာ (၃၄၀၀)နဲ့ တွက်ရင်တောင်မှ (၅)သောင်းလောက် မြင့်နေသေးတယ်။ အတက်ဈေးနဲ့ တန့်နေတယ်။ အတက်ဈေးကို အတင်းကိုကျားကန်ပြီး တန့်ထားကြတာ” လို့ ပြောပါတယ်။
ကုန်ဈေးနှုန်းတည်ငြိမ်အောင် စစ်ကောင်စီဘက်က လုပ်ဆောင်နေတယ်ဆိုပေမယ့် ဒေသတွင်း ဆန်ဈေးကွက်မှာ တော့ ပေါ်ဆန်းမွှေးတစ်အိတ်ကို ကျပ် ၈၇၀၀၀ ဝန်းကျင်ကနေ ကျပ်တစ်သိန်းနီးပါးအထိ ဈေးနှုန်းမြင့်တက် လာ သလို ဆန်ကြမ်းအုပ်စု ဧည့်မထကလည်း တစ်အိတ်ကို ကျပ် ၇၀၀၀၀ ကျော်အထိ ဈေးနှုန်းခုန်တက်လာတာပါ။
ဒါ့အပြင် အခြေခံကုန်ပစ္စည်းတွေဖြစ်တဲ့ ဆီ၊ ဆန်၊ဆေး၊ဆားအပါအဝင် အခြေခံလူကုန်သုံးပစ္စည်းတွေကလည်း ပစ္စည်းအမျိုးအစားအပေါ်မူတည်ပြီး ကျပ် ၃,၀၀၀ ကနေ ကျပ် ၁၀,၀၀၀ ဝန်းကျင်အထိ ဈေးနှုန်း ထပ်မံမြင့် တက်လာ ပါတယ်။
အိမ်ရှင်မတစ်ဦးက “နဂိုတည်းက စားမလောက်ပါဘူးဆိုမှ (၂)သောင်းတန်ထွက်တော့ ပိုဆိုးပေါ့။ ကုန်ဈေးနှုန်း ကြီး လာတာတော့ ဘယ်လိုလုပ်မလဲ။ အရင်တုန်းက ဆန်ကောင်းစားရင် အခုဆန်ကြမ်းစားပေါ့။ အရင်တုန်းက ကြက်သားဟင်းစားရင် အခုငပိရည်နဲ့ တို့စရာနဲ့စားပေါ့၊ ဒါပဲရှိတာပေါ့။ ကုန်ဈေးနှုန်းကတော့ ဆန်ကနဂိုက (၃၀၀၀) လောက် ဝယ်စားရတယ်။ အခုဆိုရင် ဆန်ကောင်းဆိုရင် (၅၀၀၀) ကျော်တယ်။ ဆီဆိုလည်း(၁၀၀၀၀) လောက်တော့ ဝယ်စားရတာပေါ့။ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ ဂျင်းတို့ဆိုလည်း အကုန်လုံး ဈေးတက်တော့ အခက်အခဲရှိတာပေါ့၊ လောလောဆယ်ကတော့ စားဖို့သောက်ဖို့တောင် အနိုင်နိုင်ပေါ့” လို့ ပြောပါတယ်။
စစ်ကောင်စီကတော့ ကုန်ဈေးနှုန်းတည်ငြိမ်ဖို့အတွက် ကုန်ပစ္စည်းသယ်ယူပို့ဆောင်တဲ့ နေရာမှာ သယ်ယူစရိတ် ကြီးမြင့်တာ၊ ကြားခံအဆင့် များပြားတာတွေအပြင် သယ်ယူရာလမ်းကြောင်းမှာ မလိုအပ်ဘဲ ထိန်းချုပ်မှု မဖြစ်စေဖို့ ဦးစားပေးဆောင်ရွက်ဖို့ ညွှန်ကြားထားတာပါ။
ဒါ့အပြင် ကုန်စည်စီဆင်းမှုမှန်ကန်ပြီး လုံလောက်စွာ ဝင်ရောက်စေဖို့နဲ့ သဘာဝဘေးအန္တရာယ်ကြောင့် အခြေခံ စားသောက်ကုန်နဲ့ ဆေးဝါးဈေးနှုန်းမြင့်တက်တာ၊ ဈေးကစားတာနဲ့ ဈေးကွက်အတွင်း ပြတ်လပ်တာ မဖြစ်စေဖို့ ကြိုတင်စီမံဖို့လည်း လုပ်ငန်းစဉ်ချမှတ်ထားတာပါ။
စီးပွားရေးပညာရှင်တွေကတော့ စစ်ကောင်စီရဲ့ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူ ထုတ်ဝေမှုကြောင့် ငွေကြေး ဖောင်း ပွမှုနဲ့ အလုပ်လက်မဲ့နှုန်း မြင့်တက်လာနိုင်ပြီး ကုန်ဈေးနှုန်းအဆမတန် ကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ထပ်မံ ခံစား ရနိုင်တယ်လို့ သုံးသပ်ထားပါတယ်။