ယခုရက်ပိုင်းအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်အတွင်းက ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက် တော် စသည့်မြို့နယ်များရှိ စစ်ဘေးရှောင်စခန်းအချို့တွင် နေအိမ်များ ၇၀ ခန့်မှာ အမိုးအကာများ ပျက်စီးသွားခဲ့ကြောင်း စစ်ဘေးရှောင်များက ပြောသည်။
“မိုခါ”မုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များကို တည်ဆောက်နေဆဲ အချိန်တွင် ထပ်မံပြီး လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်ရှိ အမိုးအကာများမှာ ပြန်လည်ပျက်စီးသွားသည့်အတွက် ဖြစ်သလို နေထိုင်နေကြရ သည်ဟု စစ်ဘေးရှောင်များက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်စစ်ဘေးရှောင်စခန်းမှ ဦးမောင်သိန်းက “ကျနော်တို့မှာ မုန်တိုင်းကြောင့် ပျက်စီး သွားတဲ့အိမ်ကို ကြံ့ကြံ့ခံနိုင်ဆောင် မဆောက်နိုင်သေးဘူး။ ဒီအတိုင်းကျန် ခဲ့တဲ့ အစအနလေးတွေနဲ့ ဖြစ်သလို နေ နေရတာ။ တာပေါ်လိပ်တွေနဲ့ မိုးထားတဲ့ အမိုးအကာတွေက လေပြင်းတိုက် တော့ ဘာမှမရလိုက်ဘူး။ အခုလည်း ဖြစ်သလို ပြုပြင်ထားတာ။ မိုးအများရွာရင် ထီးဆောင်ပြီး နေရတယ်” ဟု ပြောသည်။
ယိုးတရုတ် စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၆၉ နှင့် လူဦးရေ ၅၀၀ ခန့်ရှိပြီး လေးပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၃၁ ဆောင်မှာ အမိုးအကာများ လှန်ထွက်ပျက်စီးသွားခဲ့ကြောင်း စစ်ဘေးရှောင်များက ပြောသည်။
ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၂ ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးအကာများ ပျက်စီးသွားသည့် စစ်ဘေးရှောင်စခန်းများမှာ ပုဏ္ဏားမြို့နယ်၊ ယိုးတရုတ် စစ်ဘေးရှောင်စခန်းမှ နေအိမ် ၃၁ ဆောင်၊ ကျောက်တော် မြို့နယ်၊ တောင်မင်းကုလား စစ်ဘေးရှောင်စခန်းမှ နေအိမ် ၅ ဆောင်၊ ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ နေအိမ် ၁၇ ဆောင်တို့ ဖြစ်ကြသည်။
ထို့အပြင် ရသေ့တောင်မြို့ ရွှေပါရမီကျောင်းရှေ့ စစ်ဘေးရှောင်စခန်းမှ နေအိမ် ၃ ဆောင်၊ ပြားချောင်းကြီး စစ်ဘေးရှောင်စခန်းမှ နေအိမ် ၃ ဆောင်နှင့် စေတီပြင်စစ်ဘေးရှောင်စခန်းမှ နေအိမ် ၁၃ ဆောင်တို့မှာလည်း ပျက်စီးသွားခဲ့ရသည်။
ရသေ့တောင်မြို့ပေါ်ရှိ ရွှေပါရမီကျောင်းရှေ့ စစ်ဘေးရှောင်စခန်းမှ တာဝန်ခံ ဦးရန်ပိုင်စိုးက “ကျနော်တို့မှာ ဓနိ အမိုးတွေနဲ့ ပြန်လည်ပြုပြင်ထားတာ။ ဆိုတော့ လေပြင်းတိုက်လို့ အမိုးတွေအကုန်လုံး လှန်သွားတယ်။ လက်ရှိ မှာ မိုးနည်းနေလို့ ပျက်စီးသွားတဲ့ခေါင်မိုးတွေကို တာပေါ်လင်စတွေနဲ့ ပြုပြင်ထားရတယ်” ဟု ပြောသည်။
လေပြင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များမှာ ဓနိမိုး၊ ဝါးခင်း၊ တာပေါ်လင်စ၊ သစ်လုံးငယ်များဖြင့် တည် ဆောက်ထားသည့် အိမ်များဖြစ်ပြီး ကြံ့ခိုင်မှုအားနည်းသောကြောင့် ပျက်စီးသွားခြင်းဖြစ်ကြောင်း စစ်ဘေး ရှောင်များက ပြောဆိုကြသည်။
မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်အတွင်းက စစ်ဘေးရှောင် စခန်း အများအပြားမှာ ပျက်စီးဆုံးရှုံးသွားခဲ့ရသည်။
မုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်များကို ပြန်လည်ပြုပြင်တည်ဆောက်ရန် အကူအညီများ လိုအပ်နေ ချိန်တွင် လေပြင်းတိုက်ခတ်မှုကြောင့်လည်း အမိုးအကာများ ပျက်စီးသွားရသဖြင့် ပို၍ အခက်ကြုံနေရသည်ဟု စစ်ဘေးရှောင်များက ပြောဆိုကြသည်။
ကျောက်တော်မြို့နယ်၊ တောင်မင်းကုလား စစ်ဘေးရှောင်စခန်းမှ ဒေါ်မအေးခင်က “အုန်းတွေ၊ ဝါးတွေက ရှာမရ တော့ ယာယီအဖြစ် တာပေါ်လင်စတွေနဲ့ မိုးထားတာ လေပြင်းတိုက်တော့ အကုန် လုံးလွင့်သွားပြီး စုတ်ပြဲသွား တယ်။ အိမ်မှာလည်း ယောင်္ကျားသားမရှိတော့ ဒီအတိုင်း ဖြစ်သလို ကြိုးနဲ့ချည်ပြီး ထားတာကြောင့် ပျက်စီးသွား တာပါ” ဟု ပြောသည်။
ရခိုင်ပြည်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တကျော့ပြန်တိုက်ပွဲများမှာ နှစ်ဖက်နားလည်မှုဖြင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ရပ်တန့်ခဲ့ကြသည်။ လက်ရှိတွင် တိုက်ပွဲများ ငြိမ်သက်နေသည်မှာ ၈ လ အထိ ရှိလာပြီဖြစ်သော်လည်း စစ်ဘေးရှောင်ဦးရေ ခြောက်သောင်းကျော်မှာ နေရပ်မပြန်နိုင်သေးပေ။