နေအိမ်တွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲ၊ တစ်ဦးသေ နှစ်ဦး ဒဏ်ရာ ပြင်းထန်

နေအိမ်တွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲ၊ တစ်ဦးသေ နှစ်ဦး ဒဏ်ရာ ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာတွင် နေအိမ်ထဲ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့သောကြောင့် အမျိုးသမီး ၁ ဦးသေဆုံးပြီး အခြားသူ ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

နမ့်ဖတ်ကာရွာ ရပ်ကွက်(၆) လွယ်ကုန်နေရာက နေအိမ်ခြံဝန်း တစ်ခုထဲသို့ ဇူလိုင်လ ၂၉ ရက်နေ့၊ ည ၉ နာရီအချိန်ခန့်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ရာမှ ယခုကဲ့သို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့ခြင်း ဖြစ်သည်ဟု ဒဏ်ရာရရှိသူများကို သွားရောက်ကူညီပေးခဲ့သည့် နမ့်ဖတ်ကာ မေတ္တာရှင် လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဒဏ်ရာရသွားသူ နှစ်ဦးစလုံးမှာ အသက်အန္တရယ် စိုးရိမ်ရခြင်းမျိုးမဟုတ်သော်လည်း ဒဏ်ရာများသည့် အတွက် နမ့်ဖက်ကာဆေးရုံမှ ကွတ်ခိုင်ဆေးရုံကို ပို့ပေးခဲ့ရသည်ဟု သွားရောက်ကူညီပေးခဲ့သူက ပြောသည်။

“အငယ်မလေးက လက်မောင်းပဲ ထိတာ။ သူ့အမေကတော့ ဟိုလိုကြီးတော့ အသက်အန္တရာယ်တော့ မစိုးရိမ်ရ ဘူး။ ဒါပေမယ့် ဒဏ်ရာ နည်းနည်းများတော့ မျက်နှာထိတာတို့၊ ပေါင်ထိတာတို့၊ လက်မောင်းနား အစဝင်သွား တာတို့ ပေါင်လည်း အဲ့လိုပဲ မျက်နှာလည်း အဲ့လိုပဲ အစဝင်တာတို့ပေါ့။”

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၆၀ အရွယ် ဒေါ်အေးအိုင် ပွဲချင်းပြီးသေဆုံးခဲ့သည်။

ထို့အပြင် အသက် ၄၀ အရွယ် ဒေါ်အေဝေါမ်က မျက်နှာနှင့် ပေါင်တို့တွင် ဒဏ်ရာများရခဲ့ပြီး အသက် ၁၅ နှစ်အရွယ် လွေးပပဝင်းမှာ ညာဘက်လက်မောင်းတွင် ဒဏ်ရာများရရှိခဲ့သည်။

လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ အနီးအနားတွင် နေထိုင်သူ နမ့်ဖက်ကာ ဒေသခံတစ်ဦး က ယခုကဲ့သို့ ပြောသည်။

“ကျနော်တို့ အိမ်ဘေးနားကနေပဲ ဖြစ်တာ။ ကျနော့်အိမ်နဲ့ဆို သုံးလေးအိမ်ပဲ ခြားတယ်။ မနေ့ကလည်း နေ့ခင်း ပိုင်းလောက်တော့ အဝေးကို ပစ်တာတော့ကြားတယ်။ အဲ့ညဖြစ်တဲ့အချိန်က ဘာမှမဖြစ်ပဲနဲ့ ရုတ်တရက် ဖြစ် တယ်။ သုံးချက်ကြားရတယ်။ ပထမနှစ်ချက်ကတော့ နည်းနည်းလွန်သွားတယ် ထင်တယ်။ နည်းနည်းလူမရှိတဲ့ နေရာကိုကျတယ်။ နောက်တစ်ချက်ကတော့ အိမ်မှာလာကျတယ်။ တပ်ကပစ်တာလား ဘယ်က ပစ်လဲ မပြော တတ်ဘူး။ ကျနော်တို့လည်း မခွဲခြားတတ်ဘူး။ ရုတ်တရက်ကြီးဆိုတော့လေ ဟိုတစ်ခေါက်ကလို ဟိုဘက်ပစ် လိုက် ဒီဘက်ပစ်လိုက်ဆိုရင်တော့ နည်းနည်းပြောလို့ရတယ်။”

ဇူလိုင်လ ၂၉ ရက်နေ့၊ နေ့လည်ပိုင်း ၁ နာရီအချိန်ခန့်မှ စတင်၍ ည ၉ နာရီခွဲ အချိန်ထိ မူဆယ်မြို့နယ်၊ စယ်လန့် ကျေးရွာ၊ စေတီကုန်းအနီးတွင် စစ်ကောင်စီတပ်၊ ပြည်သူ့စစ်တပ်ဖွဲ့နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) တပ်တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေယာဥ်နှင့်လည်း လာရောက်ပစ်ခတ်ခဲ့ပြီး နမ့်ဖတ်ကာနှင့် ၁၀၅ မိုင်ရှိ စစ်ကြောင်းများက လက်နက်ကြီးကျည်များဖြင့် လှမ်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

လက်ရှိအချိန်တွင် စယ်လန့်ကျေးရွာနှင့် နမ့်အွမ်ကျေးရွာထဲ စစ်ကောင်စီတပ်က နေရာယူထားပြီး ရွာအပြင် ဘက် တွင်မူ TNLA တပ်ဖွဲ့ဝင်များက နေရာယူထားသည်ဟု ရွာခံများက ပြောသည်။

ထို့အပြင် ဇူလိုင်လ ၂၅ ရက်နေ့၊ နေ့လည်ပိုင်း ၁၀ နာရီဝန်းကျင်အချိန်ခန့်တွင်လည်း စစ်ကောင်စီတပ်က ဆိုက် ခေါင်ကျေးရွာထဲ လက်နက်ကြီးနှင့် လှမ်းပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံးထဲရှိ ဒေသခံ အမျိုးသားတစ်ဦး ထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

အလားတူ ဇူလိုင်လ ၁၈ ရက်နေ့တုန်းကလည်း နမ့်ဖတ်ကာ၊ ဇီးတဘန်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ကျေးရွာထဲ လက်နက်ကြီး ပေါက်ကွဲခဲ့ရာ ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် ၁၅ နှစ် အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့သည်။

Most read this week

October 30, 2024
စစ်အာဏာသိမ်း ကာလအတွ်း ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကြောင့် နိုင်ငံရေးအကျဉ်းသား...
October 28, 2024
မိုးကုတ်မြို့ရှိ တစ်ပိုင်တစ်နိုင် ကျောက်မျက်တွင်းများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး...
October 28, 2024
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ နန်းတောင်းနှင့် သစ်ပင်ကောက်ကျေးရွာကို ပြီးခဲ့သည့်...
October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...