ကွတ်ခိုင်မြို့နယ် ကျေးရွာတစ်ရွာမှ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်သား ၂ ဦး မုဒိမ်းမှုကျူးလွန်

ကွတ်ခိုင်မြို့နယ် ကျေးရွာတစ်ရွာမှ အမျိုးသမီး ၂ ဦးကို စစ်ကောင်စီတပ်သား ၂ ဦး မုဒိမ်းမှုကျူးလွန်

သျှမ်းပြည် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအုပ်စုရှိ ဆွမ်လုံကျေးရွာအတွင်း နေထိုင်သည့် အမျိုးသမီး ၂ ဦးကို စစ်ကောင်စီ တပ်သား ၂ ဦးက မုဒိမ်းမှု ကျူးလွန်ခဲ့သည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၃၀ ရက်နေ့၊ ညပိုင်း ၁၀ နာရီ ဝန်းကျင်တွင် နမ့်ဖတ်ကာ ကျေးရွာအုပ်စုရှိ  ဆွမ်လုံကျေးရွာ ဒေသခံ အမျိုးသမီး ၂ ဦးကို ကျေးရွာအနီး ကြံစိုက်ခင်း နှင့် ဘုန်းကြီးကျောင်းအတွင်း နေထိုင်သည့် စစ်ကောင်စီ တပ်သား ၂ ဦးက အိမ်တွင်းထဲသို့ ရောက်ရှိလာပြီး မုဒိမ်းကျင့်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သား ၂ ဦးသည် ပထမ နေအိမ်တစ်လုံးထဲရှိ ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦးကို အတင်းအဓမ္မ မဖွယ်မရာ ပြုလုပ်ခဲ့ပြီးနောက် ဒုတိယ နေအိမ်တစ်လုံးထဲရှိ ကလေးမိခင်တစ်ဦးကို မုဒိမ်းကျင့်ကာ ရိုက်နှိက်ခဲ့ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

“မနေ့ ည ၁၀ နာရီလောက်ရှိပြီ အိမ်ထဲဝင်တယ်။ အိမ်ထဲက ကိုယ်ဝန်သည်တစ်ဦး မဖွယ်မရာတွေ လုပ်ပြီး သူ့ ယောက်ကျားကို အိမ်ပြင်ခေါ်ထုတ်တယ်။ အဲ့လိုလုပ်ပြီး နောက်ထပ် တစ်အိမ်သွားပြီးတော့ အိပ်နေတဲ့ လင် မယားနှစ်ယောက်ကို တံခါးဖွင့် ခိုင်းတယ်။ သူ့ယောက်ကျား ဖြစ်သူကို သေနတ်နဲ့ချိန်ပြီး သူ့မိန်းမကို မုဒိမ်းကျင့်ခဲ့ တယ်။ သူ့မိန်းမက သေနတ်လုတော့ သူတို့က ပြန်ရိုက်နှိပ်စက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

မုဒိမ်းမှု ကျုးလွန်ခံရသည့် အမျိုးသမီးတစ်ဦးသည် အသက် ၃၀ နှစ်ကျော်အရွယ် ကလေး ၂ ဦးရှိသည့် မိခင် တစ်ဦးနှင့် နောက်တစ်ဦးသည် ကိုယ်ဝန်သည် အမျိုးသမီးတစ်ဦး ဖြစ်ကြသည်။

ထိုအမျိုးသမီးများကို မုဒိမ်းကျင့်ခဲ့ပြီးနောက် သတင်းပေါက်ကြားပါက သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်း ခြောက်ပြောဆိုခဲ့ကြောင်း ဆိုသည်။

ထို့အပြင် အမျိုးသမီးများအပေါ် စစ်ကောင်စီတပ်သားများမှ မုဒိမ်းမှု ကျူးလွန်ခြင်းနှင့် ပတ်သက်၍ ကျုးလွန်သူ တပ်သားများကို စစ်ဖက်ဆိုင်ရာ အဖွဲ့အစည်းမှ ထိရောက်စွာ အရေးယူရန် နှင့် လက်ရှိ ဖြစ်ပျက်နေသည့် ပဋိပက္ခ များကြောင့် အမျိုးသမီးများ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေကြောင်း အမျိုးသမီးအဖွဲ့အစည်းမှ အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

“အခုဖြစ်နေတဲ့ ခေတ်အခြေအနေအရတော့ ဘယ်သူမှ စကားမဟရဲတဲ့ အခြေအနေ ဖြစ်နေတယ်။ လွန်ခဲ့တဲ့ ၁ နှစ်မတိုင်ခင် တုန်းကတော့ အရေးယူပေးတာ၊ တရားစွဲပေးတာရှိတယ်။ စစ်ဖက်ကနေ သူတို့လူကို သူတို့ တရား စွဲတာ ရှိတယ်။ အခု ဖြစ်ပျက်နေတဲ့ အထိအတွေ့ တွေကြောင့် အမျိုးသမီးထုကြီးက စိတ်ဒဏ်ရာတွေ ရနေကြပြီ။ ကိုယ်ဆိုလည်း ဘယ်ကိုမှ မသွားရဲ၊ မဆိုရဲ၊ မပြောရဲ ဖြစ်နေတဲ့ အခြေနေ ဖြစ်ကုန်ပြီ“ ဟု ပြောသည်။

စစ်ကောင်စီတပ်သည် ဇူလိုင် ၃၀ ရက်နေ့၊ နံနက်ပိုင်းတွင် ဆွမ်လုံကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း နှင့် ကြံစိုက်ခင်းထဲ၌ လာရောက် နေထိုင်ခဲ့ကြသည်။

ဇူလိုင်လအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် နမ်ဖတ်ကာမှ ဒေသခံ အမျိုးသမီး ၁ ဦး၊ လူငယ် (၁) ဦး သေဆုံးခဲ့သလို နမ့်အွမ်ကျေးရွာအုပ်စု ဆိုင်းခေါင်(ဝ်)မှ အမျိုးသားတစ်ဦးလည်း သေဆုံးခဲ့ပြီး ကွက်ခိုင်မြို့နယ် မန်နောင်ကျေးရွာမှ အရပ်သား ၁ ဦးကိုလည်း သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

Most read this week

October 31, 2024
သျှမ်းပြည် ကျေးသီးမြို့နယ်သို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၅၀၀)...
October 30, 2024
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်ပြီး နေရပ်ပြန်သွားသည့် ဒေသခံများကို...
October 29, 2024
မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ပန်ဆန်းဂိတ်ကြီး နှင့် တာလော့ဂိတ်တို့တွင်...
October 28, 2024
မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့်...