ဆန်ဈေးနှုန်းတည်ငြိမ်စေဖို့ အရန်ဆန် ထုတ်ရောင်းမယ်လို့ ကြေညာ

ဆန်ဈေးနှုန်းတည်ငြိမ်စေဖို့ အရန်ဆန် ထုတ်ရောင်းမယ်လို့ ကြေညာ

လက်ရှိဖြစ်ပေါ်နေတဲ့ ဆန်စပါးဈေးကွက်နဲ့ ဆန်ဈေးနှုန်း တည်ငြိမ်စေဖို့အတွက် ပို့ကုန်ကုမ္ပဏီတွေရဲ့ စုဆောင်း ထားတဲ့ အရန်ဆန်တွေကို ထုတ်ရောင်းပေးသွားမယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ပါတယ်။

အရန်ဆန်တွေကို ဈေးကွက်အတွင်း အမြန်ဆုံး ထည့်သွင်းရောင်းချသွားမှာ ဖြစ်ပြီး ကနဦးအနေနဲ့ ဆန်အရည် အသွေး ၂၅ ရာခိုင်နှုန်း အဆင့်ရှိ ဆန် ၅၀ ကီလိုအိတ် အရေအတွက် ၅၀,၀၀၀ ကို ထုတ်ရောင်းသွားမှာ ဖြစ်ကာ လိုအပ်ပါက ထပ်မံတိုးမြှင့် ရောင်းချပေးသွားမယ်လို့ ဆိုထားပါတယ်။

အရန်ဆန်တွေ ရောင်းချပေးတာဟာ ဆန်ဈေးနှုန်းတည်ငြိမ် မှန်ကန်စေဖို့အတွက်ဖြစ်သလို စားသုံးသူပြည်သူတွေ အတွက် ပစ္စည်းမှန် ဈေးနှုန်းမှန် ဖြစ်စေဖို့ ပုဂ္ဂလိက အခန်းကဏ္ဍကနေ စီစဉ်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ရဲ့ ဇူလိုင် ၂၈ ရက်နေ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်ကတော့ ရောင်းချပေးသွားမယ့် အရန်ဆန်တွေကို ဈေးကွက်ပေါက်ဈေးထက် ဈေးနှုန်းလျော့ချကာ ရောင်းချပေးသွားမှာဖြစ်ပြီး လက်လီရောင်းချသူတွေကို ရောင်း ချပေးသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပြည်တွင်းဆန်စပါးဈေးကွက် တည်ငြိမ်ဖို့အတွက် ထုတ်ရောင်းခြင်းဖြစ်တယ်။ တနည်းအားဖြင့်ပြောရင်တော့ စားသုံးသူပြည်သူလူထုအတွက်ကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးဖြစ်တဲ့အတွက် ရောင်းမယ့်အချိန်မှာ ဈေးကွက် ပေါက်ဈေးထက် လျော့ရောင်းမယ်နော်။ စဉ်စားထားတာကတော့ လက်လီဆိုင်တွေရောင်းမယ်။ လက်လီဆိုင် တွေဆိုတာက ရပ်ကွက်ထဲမှာရှိတဲ့ ဆန်ဆိုင်လေးတွေပေါ့။ သူတို့ကလည်း ပြည်သူလူထုနဲ့ အနီးဆုံးမှာ ရှိတယ်ပေါ့ နော်” လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်ပ တင်ပို့သူတွေနဲ့ စက်မှုဇုန်ရှိစက်ရုံတွေကို ရောင်းချပေးသွားမယ်လို့ ဦးရဲမင်းအောင်က ဆက်ပြော ပါတယ်။

“နောက်တစ်ခုကတော့ အခုဏကပြောသလို ဒီပြည်ပတင်ပို့တဲ့သူတွေကို ရောင်းပေးမယ်။ ပြည်ပတင်ပို့တဲ့ သူ တွေကို ရောင်းပေးလိုက်ရင် ပြည်ပတင်ပို့တဲ့သူတွေက ဈေးကွက်ထဲက မဝယ်တော့ဘူး။ ဈေးကွက်ထဲက မဝယ် တော့ဘူး ဆိုရင် ဈေးကွက်ထဲမှာ ဝယ်လိုအားနည်းသွားရင် ဈေးကျမယ်ပေါ့နော်။ နောက်တစ်ခုကတော့ ဒီစက်မှု ဇုန်တွေမှာရှိတဲ့ စက်ရုံတွေမှာ ခုဏကအထည်ချုပ်စက်ရုံတို့၊ အလုပ်သမားများများရှိတဲ့ စက်ရုံတွေ၊ အလုပ် သမား မိသားစုတွေ ပေါ့နော်။ ရောင်းပေးမယ်။ အဲဒီလိုမျိုးတော့ အကြမ်းဖျင်းစဉ်စားထားတယ်ပေါ့နော်။”

ဈေးကွက်အတွင်း အရန်ဆန်ရောင်းချပေးသွားမယ့် အစီအစဉ်တွေကိုတော့ လာမယ့်အပတ်အတွင်း စတင် ရောင်းချပေးမှာဖြစ်ပြီး ဈေးနှုန်း အသေးစိတ်အခြေအနေနဲ့ ရောင်းချသွားမယ့် ပုံစံတွေကို ရောင်းချမယ့်ရက် မတိုင်မီ ကြေညာပေးသွားမယ်လို့ သူကဆက်ပြောပါတယ်။

ရောင်းချပေးသွားမယ့် အရန်ဆန်တွေဟာ ပထမအကြိမ် ရောင်းချပေးတာဖြစ်တဲ့ အတွက် ရန်ကုန်ဈေးကွက်က တဆင့် တစ်နိုင်ငံလုံးကို စတင်ဖြန့်ဝေသွားမှာဖြစ်ပြီး လိုအပ်ချက်အပေါ် မူတည်ကာ ဆက်လက်ရောင်းချနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားပါတယ်။

ဆန်ဈေးနှုန်းဟာ စစ်ကောင်စီရဲ့ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူအသစ် ထုတ်ဝေသွားမယ်လို့ ကြေညာပြီး နောက် ပေါ်ဆန်းမွှေးတစ်အိတ်ကို ကျပ် ၈၇၀၀၀ ဝန်းကျင်ကနေ ကျပ်တစ်သိန်းနီးပါးအထိ ဈေးနှုန်းမြင့်တက်လာသလို ဆန်ကြမ်းအုပ်စု ဧည့်မထကလည်း တစ်အိတ်ကို ကျပ် ၇၀၀၀၀ ကျော်အထိ ဈေးနှုန်းခုန်တက်လာတာပါ။

ဆန်လုပ်ငန်း ကျွမ်းကျင်သူတွေကတော့ အရန်ဆန် ထုတ်ရောင်းမယ်လို့ ကြေညာမှုဟာ လက်ရှိဖြစ်ပေါ်နေတဲ့ ဆန် ဈေးနှုန်းကို အနည်းငယ်သာ ကျဆင်းလာစေနိုင်ပေမယ့် ထိရောက်တဲ့ ပြောင်းလဲမှုတော့ ဖြစ်လာမှာ မဟုတ်ဘူး လို့ သုံးသပ်ထားပါတယ်။

October 31, 2024
ပွင့်လင်းရာသီရောက်လာပေမယ့် နှစ်ဖက်ထိတွေ့တိုက်ပွဲတွေ ငြိမ်သက်နေတဲ့ မွန်ပြည်နယ်မှာ...
October 30, 2024
နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဟာ...
October 29, 2024
မွန်ပြည်နယ်ရဲ့ အဓိက စိုက်ပျိုးရေးထွက်ကုန်တစ်ခုဖြစ်တဲ့ ရော်ဘာသယ်ယူခွင့်ကို စစ်ကောင်စီဘက်က...
October 28, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ ထားဝယ်စုရပ်ကွက်ရှိ သံလွင်တိုင်းမ်သတင်းဌာန...