ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေသွားသည့် အမျိုးသား အလောင်းကို စစ်ကောင်စီမှ လာရောက်လုယူသွား

ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေသွားသည့် အမျိုးသား အလောင်းကို စစ်ကောင်စီမှ လာရောက်လုယူသွား

သျှမ်းပြည် မူဆယ်ခရိုင်၊ နမ့်အွမ်ကျေးရွာ အနီး ဆိုင်းခေါင်(ဝ်) ကျေးရွာသို့ စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သေဆုံးသွားရသည့် အမျိုးသား၏ ရုပ်အလောင်းကို စစ်ကောင်စီမှ လာရောက် လုယူသွားသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၂၅ ရက်နေ့၊ နံနက်ပိုင်း ၁၁ နာရီဝန်းကျင် အချိန်တွင် စစ်ကောင်စီသည် TNLA တပ်ဖွဲ့ကို လေကြောင်း လိုင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ရာမှ ဆိုင်းခေါင်(ဝ်) ကျေးရွာအတွင်းသို့ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆိုင်းခေါင်(ဝ်) ကျေးရွာမှ လူနေအိမ် ၃ လုံးထက်မနည်း ထိခိုက်ပျက်စီးပြီး အိမ် ရှင် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး၊ ထိခိုက်ဒဏ်ရာရသူ ၃ ဦး ထက်မနည်း ရှိနေရာ သေဆုံးသူ အိမ်ရှင် လုံးစိုင်းလ၏ ရုပ်အလောင်းကို စစ်ကောင်စီက လာရောက်လုယူခြင်းဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော် လိုသူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ အိမ်ပေါ်တည့်တည့်ကို လက်နက်ကြီးကျတော့ သူ့ခေါင်းနောက်ဘက်ကို မှန်သွားတယ်။ အဲ့ဒဏ်ရာနဲ့ ပွဲချင်း ပြီး သေသွားတာ။ သူ့အမျိုးသမီးလည်း ဒဏ်ရာ ပြင်းပြင်းထန်ထန် ထိသွားလို့ ဆေးရုံတင်ထားရတယ်။ လုံးစိုင်း လရဲ့ အလောင်းကိုတော့ စကစတွေ ဒီနေ့မနက် အိမ်မှာပဲ လာလုသွားတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လို သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သေဆုံးသူ လုံးစိုင်းလသည် အသက် (၄၀) ကျော်ဝန်းကျင်ရှိနေပြီး ရုပ်အလောင်းကို အဖေဖြစ်သူက စောင့်နေစဥ် စစ်ကောင်စီတပ်သားများက လာရောက် လုယူသွားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အလောင်းကိုလာလုယူသည့် စစ်ကောင်စီ တပ်သားများသည် အလောင်း စောင့်နေသည့် အဖေဖြစ်သူ ကိုလည်း ရိုက်နှက်ပြီး အိမ်တွင်းပစ္စည်းများကိုလည်း ဖျက်စီးသွားကြောင်း အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော် ဆင့်ကို ဆက်ပြောသည်။

“သူ့အဖေကလည်း ဗမာစကား သိပ်မကျွမ်းတော့ တတ်သလောက်နဲ့ သူ့သားအလောင်းကို ဘယ်သယ်သွားမလို့ လဲလို့ မေးတာတဲ့၊ ဒူးထောက်ပြီး တောင်းတောင်းပန်ပန် နဲ့ ပြောဆိုတာတောင် မျက်နှာကို ကြိုးနဲ့ဖြတ် ရိုက်ပြီး၊ အလောင်းကို လုသွားတယ်။ ရင်နာဖို့ ကောင်းလိုက်တာလေ” ဟု ၎င်းကဆက်ပြောသည်။

အဆိုပါ လုံးစိုင်းလ၏ ရုပ်အလောင်းကို မည်သည့်နေရာသို့ ယူသွားသည်ကို မသိရသေးကြောင်း အဆိုပါ စစ်ကြောင်းထွက်ပြီး ခဏအကြာတွင် စစ်ကောင်စီ၏ အခြား စစ်ကြောင်း တစ်ခုသည် ဆိုင်းခေါင်(ဝ်) ကျေးရွာ အနီးရှိ တောင်ကုန်းတွင် လာရောက်နေရာယူထားကြောင်းလည်း ဒေသခံများက ပြောသည်။

ယနေ့ လက်ရှိအချိန်အထိ ပစ်ခတ်သံများ မထွက်လာသေးသော်လည်း စစ်ကောင်စီ နှင့် TNLA တပ်ဖွဲ့တို့၏ စစ်ရေးတင်းမာမှုများက ရှိနေဆဲဖြစ်သည့်အတွက် တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း လည်း ဒေသခံများက ပြောဆိုနေကြသည်။

Most read this week

October 31, 2024
သျှမ်းပြည် ကျေးသီးမြို့နယ်သို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင် (၅၀၀)...
October 30, 2024
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်ပြီး နေရပ်ပြန်သွားသည့် ဒေသခံများကို...
October 29, 2024
မြန်မာ-တရုတ်နယ်စပ်ရှိ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ပန်ဆန်းဂိတ်ကြီး နှင့် တာလော့ဂိတ်တို့တွင်...
October 28, 2024
မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့်...