အီရတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့ ရောင်းစားခံခဲ့ရသည့် ရခိုင်အမျိုးသမီးငယ် ၄ ဦး အမှုအား သံတမန်ရေး ရာအရ ကူညီပေးနိုင်ရန်အတွက် မြန်မာနိုင်ငံလူကူးကုန်မှု တားဆီးကာကွယ်ရေး (ဗဟို)သို့ ထပ်မံတိုင်ကြားထား သည်။
၎င်းတို့ ၄ ဦးနှင့် ပတ်သက်သည့် အချက်အလက်များဖြင့် ရန်ကုန်တိုင်း လူကူးကုန်မှု တားဆီး ကာကွယ်ရေး အဖွဲ့ နှင့် ပူပေါင်း၍ ဇူလိုင် ၂၄ ရက်နေ့တွင် နေပြည်တော်ရှိ လူကုန်ကူးမှုတားဆီးရေး (ဗဟို သို့ တိုင်ကြားစာ ပို့ထား ကြောင်း ရခိုင်အမျိုးသားကွန်ရက်မှ ဥပဒေအကြံပေး ရှေ့နေ ဒေါ်ဝိုင်းသူဇာက နိရဉ္စရာသို့ ပြောသည်။
“အခု တရားစွဲထားတဲ့ လမ်းကြောင်းနဲ့သွားရင် ကလေးတွေ ပြန်ရောက်ဖို့ ကြန့်ကြာနိုင်တယ်။ လူကုန်ကူးမှု တား ဆီးရေး လမ်းကြောင်းနဲ့ သွားမှာပဲ နိုင်ငံအချင်းချင်း ဆက်သွယ်ပြီးတော့ သံရုံးအချင်းချင်း ဆက်သွယ်ပြီး အဲလို လုပ်မှ ဒီကလေးတွေ အမြန်ရောက်လာနိုင်ပါတယ်” ဟု ပြောသည်။
ရောင်းစားခံရသည့် ရခိုင်အမျိုးသမီးငယ် ၄ ဦးတို့မှာ နေရာအသီးသီးတွင် လုံခြုံမှုကင်းမဲ့စွာ အလုပ် လုပ်နေကြရ ကြောင်း၊ ၎င်းတို့ အမြန်ဆုံးပြန်ရောက်နိုင်ရန် ရခိုင့်လူမှုအဖွဲ့အစည်းများ ပူပေါင်း ဆောင်ရွက်ကြရန် ရှေ့နေ ဒေါ်ဝိုင်းသူဇာ က ဆက်ပြောသည်။
ဒေါ်ဝိုင်းသူဇာက “ကလေးတွေက ဟိုမှာ အလုပ်လုပ်နေရသေးတဲ့အတွက် လုံခြုံမှုမရှိတဲ့ အခြေအနေတွေရှိနေ တယ်။ အဲဒီအတွက် ဒီကိစ္စကို တစ်ယောက်နှစ်ယောက်လုပ်နေလို့ မရဘူးလေ။အဲ့ကြောင့် ရခိုင်မှာရှိတဲ့ အဖွဲ့ အစည်းတွေ ပူပေါင်းပြီး ကူညီနိုင်မှာသာ ကလေးတွေ မြန်မာနိုင်ငံကို ပြန်ရောက်လာမှာလေ” ဟု ပြောသည်။
လက်ရှိတွင် ဖမ်းဆီးရမိထားသည့် ပွဲစားအမျိုးသမီး နှစ်ဦးကို ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တရားရုံးတွင် အမှုဖွင့် တရားစွဲဆိုထားသော်လည်း လိုအပ်လာလျှင် သက်ဆိုင်ရာ သံရုံးများမှ တဆင့် သံအမတ်ထံသို့ ပြစ်မှုကျူး လွန်ထားသည့် အကြောင်းကို အသိပေးတိုင်ကြားသွားရန် ရှိနေကြောင်း ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က နိရဉ္စရာသို့ ပြောသည်။
“ကျွန်တော်တို့က အမှုခြေအနေတွေကို စောင့်ကြည့်နေပါတယ်။ တစ်ဖက်ကလည်း လိုအပ်ရင် သံတမန်ရေးအရ ဆော်ဒီမှာဆိုရင် သံရုံးရှိတဲ့အတွက်ကြောင့် ဆော်ဒီကတဆင့် သံအမတ်တွေဆီကို အခုကျူးလွန်ထားတဲ့ အကြောင်းတွေကို အသိပေးတိုင်ကြားဖို့အတွက် စောင့်ကြည့်နေပါတယ်” ဟု ပြောသည်။
အဆိုပါ မနန္ဒာ၊ မခိုင်သန်းအေးနှင့် မပန်ပန်(ခ)ခိုင်စန္ဒာတို့ ပွဲစားသုံးဦးသည် အသက် ၂၂ နှစ်မှ ၂၆ နှစ်အရွယ်ရှိ ရခိုင်အမျိုးသမီးငယ် ၄ ဦးတို့ကို ဒူဘိုင်းရှိ အလှပြင်ဆိုင်သို့ပို့ပေးမည်ဟု လိမ်လည်ပြောဆိုကာ အီရတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံများသို့ ရောင်းစားခဲ့ခြင်းဖြစ်သည်။
ယင်းသို့လိမ်လည်ပို့ဆောင်ခံခဲ့ရ ၄ ဦးမှာ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနှင့် ရသေ့တောင်မြို့နယ်များမှ ဖြစ်ကြသည်။
သူတို့ ၄ ဦးကို ပွဲစားများက ယခုနှစ်၊ မေလ ၇ ရက်တွင် ရန်ကုန်မှ ယူအေးအီးနိုင်ငံ၊ ဒူဘိုင်းမြို့သို့ ပို့ဆောင်ခဲ့ပြီး ယင်းမှတဆင့် ၃ ဦးကို အီရတ်နိုင်ငံသို့ ဆက်လက်ပို့ဆောင်ကာ ကျန်တစ်ဦးကို ဆော်ဒီအာရေဗျနိုင်ငံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်က အာဏာသိမ်းထားသည့် ကာလအတွင်း မြန်မာနိုင်ငံတွင် ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း အလွန်ရှားပါးမှုများကြောင့် ရခိုင်အပါအဝင် မြန်မာအမျိုးသမီးငယ်များမှာ အရှေ့အလယ်ပိုင်း ဒေသနိုင်ငံများသို့ အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားများ၏အဆက်သွယ်ကိုအားကိုးပြီး နှစ်စဉ် သွားရောက်မှုများရှိနေကြသည်။
ထိုသို့ သွားရောက် အလုပ်လုပ်ကိုင်ရာတွင် အလုပ်ရှင်သူဌေးများ၏ မတရားခိုင်းစေရိုက်နှက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အစာရေစာ ငတ်ပြတ်မှုများနှင့် ကြုံတွေ့နေရပြီး ၎င်းတို့ကို တာဝန်ယူပို့ပေးခဲ့သည့် ပွဲစားများကို တိုင်ကြားပါကလည်း ပွဲစားများက မဖြေရှင်းပေးဘဲ လျစ်လျူရှုထားသည်ဟု ကာယကံရှင် အမျိုးသမီးငယ်များ က နိရဉ္စရာသို့ ပြောဆိုထားကြသည်။