စစ်ကောင်စီ ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ပါတီဝင် အင်အား ပြည့်မီရေးအတွက် ကရင်ပြည်သူ့ပါတီ (KPP)အနေဖြင့် ဧရာဝတီတိုင်းအတွင်းရှိ ကရင်အများစု နေထိုင်ရာ မြို့နယ်(၅)မြို့နယ်တွင် အဓိက လိုက်လံစည်းရုံးနေကြောင်း ပါတီဝင်များက ပြောသည်။
စစ်ကောင်စီက ဖွဲ့စည်းပေးထားသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)၏ အသစ်ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီ ဥပဒေသစ်အရ ပါတီမှတ်ပုံတင်ခွင့်ရပြီး ပါတီဝင် အင်အား (၁,၀၀၀)ကို ပြန်လည် တင်ပြရမည် ဖြစ်သည့်အတွက် ယခုကဲ့သို့ ပါတီဝင်အင်အားများကို လိုက်လံစည်းရုံး စုဆောင်းနေခြင်းဖြစ်ကြောင်း KPP ပါတီ ၏ ထိပ်ပိုင်းခေါင်းဆောင် အမျိုးသမီးတစ်ဦးက ယခုကဲ့သို့ ပြောသည်။
“ကျမတို့ အဓိကကတော့ စည်းရုံးရေးဆင်းတာကတော့ ပန်းတနော်၊ မြောင်းမြ၊ အိမ်မဲ၊ ဝါး ခယ်မ၊ ငပုတော့ စတဲ့ မြို့နယ်တွေမှာ အဓိကထားပြီး ပါတီဝင်အင်အားရရှိအောင် လုပ်ဆောင်တာပေါ့၊ အခု လောလောဆယ်ကတော့ ပါတီဝင်အင်အား ၆၀၀ ပဲ ရသေးတယ်။ ၁၀၀၀ ပြည့်ဖို့ လုပ်ဆောင်နေတယ်” ဟု ထိုပါတီခေါင်းဆောင်က ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင် UEC အနေဖြင့် နိုင်ငံရေးပါတီ ဥပဒေသစ်ကို ပြဋ္ဌာန်းပြီးနောက် ယခင် ရှိပြီးသား နိုင်ငံရေးပါတီများကို ဥပဒေသစ် ပြဋ္ဌာန်းပြီး ၂ လအတွင်း မှတ်ပုံပြန်တင်ခိုင်းခဲ့ရာမှာ နိုင်ငံရေးပါတီ ၆၃ ပါတီ ပြန်လည်မှတ်ပုံတင်ခဲ့ပြီး KPP ပါတီအပါအဝင် ပါတီ ၁၄ ခုကို မှတ်ပုံတင် ခွင့်ပြုခဲ့သည်။
ထိုသို့ ပါတီမှတ်ပုံတင်ခွင့်ရပြီးနောက် အသစ်ပြဋ္ဌာန်းလိုက်သည့် UEC ၏ ဥပဒေသစ်အရ ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီး အခြေစိုက်ပါတီများအနေဖြင့် ပါတီဝင် အင်အား (၁,၀၀၀) ကို မှတ်ပုံတင်ခွင့်ရပြီး ရက်ပေါင်း (၉၀)အတွင်း ပြန်လည် တင်ပြရမည်ဖြစ်သလို ပါတီရုံး အနည်းဆုံး (၅)ခု ဖွင့်လှစ်ထားနိုင်ရမည်ဖြစ်ကြောင်း လည်း ပါရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့က ရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဋ္ဌ ဦးသိန်းစိုးသည် ဧရာဝတီ၊ ရန်ကုန်နှင့် ပဲခူးတိုင်း အခြေစိုက်သည့်နိုင်ငံရေးပါတီ ၆ခုနှင့်တွေဆုံခဲ့ပြီး ပါတီဝင် အင်အားပြည့်မီအောင် လုပ်ဆောင်ရန် ခေါ် ယူ တွေ့ဆုံပြောဆို ဆွေးနွေးခဲ့သေးကြောင်းလည်း KPP ပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်က ဆက် ပြောသည်။
၎င်းက “ကျမတို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက ခေါ်တွေ့တယ်။ မြို့နယ် အလိုက် ပါတီဝင် အင်အားပြည့်မှီအောင် ဆောင်ရွက်ပြီး ဩဂုတ်လ မှာအပြီးတင်ဖို့နဲ့ မပြည့်မှီဘူးဆို ပါတီကို ဖျက်သိမ်းရမယ်။ ကျမတို့ကတော့ ပြည့်မှီမယ်လို့ ထင်တာပဲ” ဟု ဆက်ပြောသည်။
အလားတူ ကရင်လူမျိုးအများစု နေထိုင်ရာ ပန်းတနော်မြို့နယ်ရှိကျေးရွာများတွင် ကရင်အမျိုးသားရေး လုပ် ဆောင်သူများကို KPP ပါတီ တာဝန်ရှိသူများက သွားရောက် တွေ့ဆုံကာ ရွေးကောက်ပွဲအတွက် ပါတီဝင်အင်အား ရရှိရန် စည်းရုံးရေးဆင်းနေကြောင်းလည်း ကျေးရွာဒေသခံတစ်ဦးက အတည်ပြုပြောဆိုသည်။
သို့သော် ယခုလို နိုင်ငံရေး မတည်ငြိမ်သည့် ကာလအတွင်း ပါတီနိုင်ငံရေးအပေါ် ဒေသခံ လူထုများအနေဖြင့် စိတ် ဝင်စားမှု မရှိသလို စစ်ကောင်စီက ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအပေါ်တွင်လည်း အယုံအကြည် မရှိကြ ကြောင်း ပန်းတနော်မြို့နယ် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျမတို့ ရွာကို (KPP) စည်းရုံးရေး တာဝန်ခံက လာတယ်။ ပါတီဝင် ၁၀ ယောက်လောက် ပေးရမယ်တဲ့။ ကျမတို့ ကလည်း အခုကာလဆိုတော့ အားလုံးက တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်မှုမရှိကြဘူးဆိုတော့ ကျမတို့ အနေနဲ့ စိုးရိမ်တယ်။ သူတို့ရှာခိုင်းတဲ့ လူအင်အားကိုဘယ်လိုရှာပေးရမှန်းမသိဘူး။ ဘေးကြပ်နံကြပ်တော့ ဖြစ် တယ်။ အခုက ကြံ့ခိုင်ရေးပါတီကလည်း ပါတီဝင်အင်အား လာတောင်းထားတော့ နှစ်ဖွဲ့လုံးအတွက် ဘယ်လို လုပ်ပေးရမှန်းမသိဘူး၊ အခက်တွေ့နေတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ကရင်ပြည်သူ့ပါတီ(KPP) အနေဖြင့် နိုင်ငံရေးပါတီမှတ်ပုံတင်ကိုပြန်လည် လျှောက်ထား ခဲ့ပြီး ယခင် မေလ ၂၂ ရက်နေ့က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၉)နှင့် အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့ပြီး KPP ၏ မှတ်ပုံတင် အမှတ်မှာ (၁၈) ဖြစ်သည်။