ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နှင့် တရုတ်နိုင်ငံ၊ ကျီလင်မြို့တို့ကို ချစ်ကြည်ရေး မြို့အဖြစ် တည်ဆောက်ရန် လက်မှတ်ထိုးလိုက်ပြီ ဖြစ်သည်။
ကျောက်ဖြူမြို့သည် တရုတ်နိုင်ငံ၏ အရေးပါသည့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ အဓိကတည်ရှိရာ ရခိုင်ပြည်နယ်မှ မြို့တစ်မြို့ဖြစ်ပြီး တရုတ်နိုင်ငံ ကျီလင်မြို့မှာ စက်မှုထွန်းကားနေသော ကျီလင်ပြည်နယ်၏ မြို့တော် ဖြစ်သည်ဟု ဆိုသည်။
ကျောက်ဖြူနှင့် ကျီလင်မြို့အား ချစ်ကြည်ရေးမြို့ အဖြစ်တည်ဆောက်ရသည့် ရည်ရွယ်ချက်မှာ တရုတ်-မြန်မာ သံတမန် ဆက်ဆံရေး၊ ထူထောင်ရေး အခြေခံမူများနှင့်အညီ နှစ်နိုင်ငံ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုများ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရန်၊ နှစ်နိုင်ငံပြည်သူများအကြား နားလည်မှုနှင့်ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျီလင်ခရိုင်၊ ကျီလင်မြို့နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တို့ကို ချစ်ကြည်ရေးမြို့ အဖြစ်တည်ဆောက်ရန် နှစ်ဖက်စလုံးမှ ရည်ရွယ်ကြောင်း တရုတ်- မြန်မာ နှစ်ဘာသာဖြင့် ရေးသားထားသည့် စာချုပ်တွင် ရေးသားထားသည်။
ထို့အပြင် “နှစ်ဦးနှစ်ဘက် တန်းတူညီမျှမှုနှင့် အကျိုးဖြစ်ထွန်းမှုကို အခြေခံ၍ နှစ်နိုင်ငံပြည်သူများ ချစ်ကြည် ရင်းနှီးမှု၊ စီးပွားကူးသန်းရောင်းဝယ်ရေး ဖလှယ်မှု၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစား၊ ပညာရေး လူ့စွမ်း အား အရင်းအမြစ်နှင့် အခြားနယ်ပယ် အသီးသီးတွင် ပူးတွဲမြှင့်တင်ကာ တက်ကြွစွာ အတူတကွ ပူးပေါင်းဆောင် ရွက်ကြမည်ဟု မျှော်လင့်မိသည်” ဟုလည်း ဇူလိုင်လ ၂၄ ရက်နေ့က လက်မှတ်ထိုးခဲ့သည့် စာချုပ်ထဲတွင် ရေး သားထားသည်။
လက်မှတ်ရေးထိုးပွဲသို့ တရုတ်နိုင်ငံ ကျီလင်မြို့တော်ဝန်၊ တရုတ်ကွန်မြူနစ် ပါတီ၏ ကျီလင်မြို့တော် ကော်မတီ အတွင်းရေးမှူး မစ္စတာဟူဘင် ဦးဆောင်သည့်အဖွဲ့နှင့် ကျောက်ဖြူခရိုင်ဒေသခံတိုင်းရင်းသားများ ဖွံ့ဖြိုး တိုး တက်ရေး အသင်း (KDNEDA) ဥက္ကဋ္ဌ ဦးငြိမ်းချမ်းမောင် ဦးဆောင်သည့် အဖွဲ့တို့တက်ရောက်ခဲ့ကြသည်။
အဆိုပါ လက်မှတ်ရေးထိုးပွဲကို ရန်ကုန်မြို့ရှိ တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးမြှင့်တင်ရေးအသင်း ညီလာခံခန်းမတွင် ဇူလိုင်လ ၂၄ ရက်၊ ညနေ ၄ နာရီက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲတွင် ကျီလင်မြို့တော်ဝန် မစ္စတာဟူဘင်က ကျောက်ဖြူ မြို့သည် တရုတ်နိုင်ငံ၏ ခေတ်သစ် ပိုးလမ်းမကြီးဟုခေါ်သည့် One Belt, One Road တစ်ခုတည်းသော ရပ်ဝန်းနှင့် လမ်းမကြီးများ၏ အချက်အချာ ကျသည့် ပထဝီမြေအနေအထား၌ တည်ရှိနေပြီး ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများမှတဆင့် အခွင့်အလမ်းများစွာ ရရှိလာမည်ဖြစ်ကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။
ကျီလင်မြို့တော်ဝန် မစ္စတာဟူဘင်က "ကျီလင်မြို့၌ အဓိက လုပ်ငန်းအမျိုးအစား ၇ ခု လွန်စွာထွန်းကားပြီး သံရည်ကျိုချက်ခြင်း လုပ်ငန်း၊ ဓာတုပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်း၊ ဆောက်လုပ်ရေး၊ ခေတ်သစ်အသုံး အဆောင်များ ထုတ်လုပ်ခြင်း၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် စက်မှုလုပ်ငန်းများဖြစ်ကြပါတယ်။ ကျောက်ဖြူ မြို့ အနေဖြင့် ကျီလင်မြို့နှင့် ချစ်ကြည်ရေးမြို့ တည်ဆောက်သည့်အခါ အဆိုပါ လုပ်ငန်းများ၌လည်း ပူးပေါင်း ဆောင်ရွက်လာနိုင်မှာ ဖြစ်ပါတယ်” ဟု အဆိုပါအခမ်းအနားတွင် ပြောကြားခဲ့သည်။
KDNEDA အသင်း ဥက္ကဋ္ဌ ဦးငြိမ်းချမ်းမောင်ကလည်း ကျောက်ဖြူမြို့နှင့် ကျီလင်မြို့မှာ ထာဝရ မိတ်ဆွေများ ဖြစ်သွားပြီ ဖြစ်၍ ပိုမိုခိုင်မာပြီး အဓိပ္ပာယ် ပြည့်ဝအောင် ဆောင်ရွက်ကြမည်ဟု ပြောဆိုခဲ့သည်။
ဦးငြိမ်းချမ်းမောင်က “တစ်နေ့တစ်ခြား အိမ်ကို စွန့်ခွာသွားကြတဲ့ရခိုင်တွေ အိမ်ကိုပြန်လာနိုင်ဖို့ ပထဝီ အနေ အထားအရ အားသာချက်များစွာ ရှိနေတဲ့ ကျောက်ဖြူဒေသမှာ အထူးစီးပွားရေးဇုန်ကြီး တည်ဆောက်နိုင်ခြင်း ဟာ ကမ္ဘာ့ဈေးကွက်ကြီးတွေ ဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေကို စီးပွားရေးဆုံမှတ် ဖြစ် လာစေခြင်းဖြင့် ခိုင်မာတဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ရရှိလာမည်ဆိုပါက မြန်မာ တစ်နိုင်ငံလုံးရဲ့ ဂျီဒီပီ ၈ဝ ရာခိုင်နှုန်း အထိ ဆွဲတင်နိုင်မယ်လို့ ပညာရှင်တွေက ခန့်မှန်းထားပါတယ်” ဟု ပြောဆိုခဲ့သည်။
ယခု လက်မှတ်ရေးထိုးသည့် စာချုပ်သည် စာချုပ်ချုပ်ဆိုချိန်မှ စတင်ကာ ၅ နှစ်သက်တမ်း အသက်ဝင်ပြီး ၅ နှစ်စေ့၍ တစ်ဘက်ဘက်မှ စာချုပ် ဖျက်သိမ်းမည် မပြောကြားလာပါက သက်တမ်း ထပ်တိုးခွင့်ရှိသည်ဟု ဆိုသည်။
ကျောက်ဖြူမြို့သည် တရုတ်၏ အရေးပါသော စီးပွားရေးရင်းနှီးမြှပ်နှံမှု စီမံကိန်းဖြစ်သည့်အထူး စီးပွားရေးဇုန် စီမံကိန်းနှင့် ရေနက်ဆိပ်ကမ်း စီမံကိန်းများတည်ရှိရာ မြို့ဖြစ်သည်။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်တို့ကို တည်ဆောက်ရန် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံပိုင် ကော်ပိုရေးရှင်း (China International Trust Investment Corporation- CITIC) ဦးဆောင်သည့် ကုမ္ပဏီအစုအဖွဲ့က တင်ဒါအောင်မြင်ခဲ့ခြင်း ဖြစ်သည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်းကို မဒေးကျွန်းတွင် မီတာ ၂၅၀၀ အကျယ်နှင့် အနံ မီတာ ၆၀၀ ရှိသည့် ဆိပ်ကမ်းနှင့် ရမ်းဗြဲကျွန်းတွင် မီတာ ၁၅၀၀ အကျယ်နှင့် မီတာ ၆၀၀ အနံရှိသည့် ဆိပ်ကမ်း စသည်ဖြင့် တည်ဆောက်မည်ဟု ဆိုသည်။
အဆိုပါ ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် ပေ ၁၀၀၀ အထက် Mother Vessels, Carriers, Super Tankers စသည့်ကုန်တင်သင်္ဘောကြီးများ ဝင်ထွက်သွားလာနိုင်သည့် ရေနက်ဆိပ်ကမ်းအမျိုးအစား ဖြစ်ပြီး ထိုဆိပ်ကမ်းမှ ကျောက်ဖြူ ရွှေသဘာဝဓာတ်ငွေ့နှင့် ရခိုင်ကမ်းရိုးတန်း ရေနံလုပ်ကွက်များမှ ထွက်ရှိသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့များအား တရုတ်နိုင်ငံ၊ ကူမင်းမြို့သို့ တင်ပို့သွားမည်ဟု ဆိုသည်။
တဖက်တွင်လည်း တရုတ်၏ စီးပွားရေး စီမံကိန်းများမှ ဒေသနေလူထု၏ အလုပ်အကိုင်အခွင့်အလမ်းကို တစ်စုံတစ်ရာပြောင်းလဲမပေးနိုင်သည့်အပြင် ရှိရင်းစွဲအသက်မွေးဝမ်းကျောင်း ရေလုပ်ငန်းများပါ ဆုံးရှုံးလာ မည်ကို ဒေသခံများက စိုးရိမ်မှုများရှိနေကြသည်။
ရေနက်ဆိပ်ကမ်း တည်ဆောက်မှုကြောင့် ကျောက်ဖြူရှိ သံဇစ်မြစ်ကြောင်း တစ်လျှောက်တွင်ရှိသည့် သဘာဝ ဂေဟစနစ်များပျက်စီးပြီး ဒေသခံ ရေလုပ်သား အများအပြား၏ ရေလုပ်ကွက်များ ပျက်စီးသွားနိုင်၍ အသက် မွေးဝမ်း ကျောင်းအလုပ်ကိုင်များ ဆုံးရှုံးရမည်ကို ဒေသခံ ရေလုပ်သားများ အနေဖြင့် စိုးရိမ်နေကြောင်း ပြောဆိုကြသည်။