သျှမ်းပြည် ကျောက်မဲမြို့နယ် အတွင်းရှိ ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်)ပေါ် အကောင်အထည်ဖော်နေသည့် အထက်ရဲ ရွာ ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၂၅ ခုနစ်တွင် အပြီးဖော်ဆောင်သွားမည်ဟု စစ်ကောင်စီက ပြောသည်။
အဆိုပါ အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းသည် သျှမ်းပြည် ကျောက်မဲမြို့နယ် ကျောက်မဲမြို့ တောင်ဘက် မိုင် ၂၀ ခန့် အကွာ တောင်ခြေကျေးရွာအနီးတွင် တည်ဆောက်ထားသည်။
ရေအားလျှပ်စစ်စီမံကိန်းကို သျှမ်းပြည် လူထုအသိုင်းအဝန်းများက တောက်လျှောက် ဆန့်ကျင် ကန့်ကွက်ခဲ့သော် လည်း စစ်ကောင်စီ ဦးဆောင်ပြီး တည်ဆောက်နေသည့် အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၂၅ ခုနစ် တွင် အပြီး ဖော်ဆောင်သွားမည်ဟု စစ်ကောင်စီ၏ သတင်းမီဒီယာများတွင် ဖော်ပြထားသည်။
အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၀ - ၂၀၁၁ ခုနစ် ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ စီမံကိန်းလုပ်ငန်းသည် ၅၃ ဒဿမ ၂၁ ရာခိုင်နှုန်း ပြီးစီးနေပြီး ဖြစ်ကြောင်းလည်း သတင်းစာတွင် ရေးသားထားသည်။
ထိုရေအားလျှပ်စစ် စီမံကိန်း ပြီးစီးသွားပါက ၂၈၀ မဂ္ဂါဝပ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ နှစ်စဥ် လျှပ်စစ် ဓာတ်အား ကီလိုဝပ်နာရီ ၁၄၀၉ သန်းကို ဓာတ်အား ကွန်ရက်စနစ်မှ တဆင့် နိုင်ငံတဝန်းလုံးသို့ ထုတ်လုပ် ဖြန့်ဖြူးသွားမည်ဟု ဆိုကြသည်။
“စီမံကိန်း အကောင်အထည်ဖော်ရာမှာ ရေဝပ်ဧရိယာ အတွင်း ကျရောက်တဲ့ ကျေးရွာတွေ အတွက်လည်း ထိခိုက်မှု အနည်းဆုံး ဖြစ်စေဖို့ နဲ့ လူမှု စီးပွားရေး အခြေအနေ နဲ့ ပတ်သက်ပြီးတော့ မူလထက် သာလွန်ကောင်း မွန်တဲ့ အခြေအနေ ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားပါမယ်” ဟု အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း မှ ဦးစီးအရာရှိ ဦးသိန်းဇော် က ပြောဆိုထားသည်။
သို့သော် ယနေ့ အချိန်ထိ စီမံကိန်း အကောင်အထည်ဖော်ရာတွင် ရေဝပ်ဧရိယာအတွင်း ကျရောက်သည့် ကျေးရွာ များကို ရွှေ့ပြောင်းပေးခြင်း၊ လျော်ကြေးငွေပေးခြင်းကို သက်ဆိုင်ရာ အာဏာပိုင်ဘက်မှ ပေးဆောင်မှု မရှိသေး ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။
“အဓိကတော့ ရေကာတာ ဖောက်ချလိုက်ရင် ကျနော်တို့ အောက်ပိုင်းနေတဲ့သူတွေက ရေကြီးတာတွေ ရေလွှမ်း မိုးတာတွေ ဖြစ်လာနိုင်တယ်။ အခု စစ်တပ်က ဦးစီးပြီးလုပ်တော့ ကျနော်တို့ ဘယ်လောက် တားတားမရဘူး လေ” လို့ ကျောက်မဲမြို့နယ် စီမံကိန်းအနီးရှိ ကျေးရွာတွင်နေထိုင်သည့် ဒေသခံတစ်ဦးကပြောသည်။
ဒုဋ္ဌဝတီမြစ် (မြစ်ငယ်မြစ်) ပေါ်တွင် ဆောင်ရွက်ပြီး ရဲရွာ ရေအားလျှပ်စစ် စီမံကိန်မှ (၇၉၀) မဂ္ဂါဝပ် ထုတ်လုပ် လျက်ရှိပြီး၊ နမ္မတူ (သီပေါ) စီမံကိန်း (၂၁၀) မဂ္ဂါဝပ် အားလည်းကောင်း၊ အလယ်ရဲရွာ စီမံကိန်း (၇၃၅ )မဂ္ဂါဝပ် အား လည်းကောင်း၊ ဒီးဒုတ်စီမံကိန်း (၆၀) မဂ္ဂါဝပ်အား လည်းကောင်း ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက် ရှိနေကြသည်။
ရေကာတာ တည်ဆောက်သည့်နေရာသည် စစ်အာဏာသိမ်း စစ်ကောင်စီတပ်အပြင် တိုင်းရင်းသားလက်နက် ကိုင် တပ်ဖွဲ့ များလှုပ်ရှားသည့် နေရာဖြစ်ပြီး စစ်ရေးပဋိပက္ခ အချိန်မရွေးဖြစ်နိုင်သည့် ဒေသလည်း ဖြစ်သည်။