သျှမ်းပြည် တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ တောင်လေးလုံးအနီး ရေပယ်ကျေးရွာ နှင့် မြဘုရင် သကြား စက်ရုံအကြားတွင် ကားတစ်စီးကို စစ်ကောင်စီက လိုက်လံ ပစ်ခတ်ခဲ့ရာ တစ်ဦးသေ၊ နှစ်ဦး ထိခိုက်ဒဏ်ရာဖြင့် လွတ်မြောက်သွားသည်။
ယမန်နေ့ (ဇူလိုင် ၂၃) ရက် မွန်းလွဲပိုင်းတွင် ရေပယ်ကျေးရွာ မှ မြဘုရင် သကြားစက်ရုံဘက် မောင်းနှင်လာသည့် ကားတစ်စီးကို စစ်ကောင်စီတပ်ဖွဲ့များက ကားဖြင့်လိုက်ပြီး ပစ်ခတ်ရာ တစ်ဦးသေပြီး နှစ်ဦးက ထိခိုက်ဒဏ်ရာ ဖြင့် မောင်းနှင်ထွက်ပြေးသွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“သေသွားတဲ့ လူငယ်က ကယန်းလူမျိုးလို့ သိရတယ်။ အဲ့ဒီ ပစ်ခတ်မှုက မူးယစ် စစ်ဆေးတာကို လက်မခံလို့ လိုက်ပစ်ရတာလို့ စစ်ကောင်စီဘက်က ပြောထားတယ်။ ဒါပေမဲ့ လွတ်သွားတဲ့ နှစ်ယောက်ကို တောနင်းလိုက်ရှာ နေပုံတော့ သာမန်မူးယစ်ဆေး ဖမ်းတာ မဖြစ်နိုင်လောက်ဘူး” ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြော သည်။
ပစ်ခတ်မှုကြောင့် သေဆုံးသွားသည့် အမျိုးသား လူငယ်ကို စစ်ကောင်စီတပ်ဖွဲ့မှ သယ်ဆောင်သွားပြီး လက်ရှိ တွင် လွတ်မြောက်နေသူ နှစ်ဦးကိုလည်း တောနင်းရှာဖွေနေကြောင်းလည်း ဒေသခံများက ပြောသည်။
ယနေ့ (ဇူလိုင်လ ၂၄) ရက်နေ့တွင်လည်း အင်းလေးဒေသ ကုန်းလမ်းရေလမ်းတစ်လျှောက် စစ်ကောင်စီ စစ်ဆေး ရေးဂိတ်များ စစ်ဆေးမှု တင်းကြပ်သည့်အပြင် စစ်အင်အား ဖြည့်တင်းမှုများလည်း ရှိလာကြောင်း ဒေသခံများက ဆက်ပြောသည်။
လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ဒီနေ့ ဈေးသွားတဲ့ သူတွေပြောပြတာ စစ်ဆေးရေးတွေ တအားစစ်ကြတော့ လမ်းတွေမှာ ကားတွေကြပ် သွားတယ်၊ ဖုန်းတွေပါ စစ်ကြည့်ပြီးတော့ ပိုက်ဆံလည်း တောင်းကြတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။
လက်ရှိ အင်းလေးဒေသ အဝင်အထွက်များကို စစ်ကောင်စီတပ်ဖွဲ့မှ တင်းကြပ်စွာ စစ်ဆေးနေပြီး ပေါင်းပိုင်းဂိတ်၊ မှော်ဘီဂိတ်၊ အင်းတိန်ဂိတ် နှင့် ဘုရားနီ၊ သန်းထောင်ကြားမှ စစ်ဆေးရေးတို့က စစ်သားများသည် အမျိုးသမီး များကို လိင်ပိုင်းဆိုင်ရာ ကာယိအိန္ဒြေ ကျူးလွန်မှု စစ်ဆေးမှုများလည်း ပြုလုပ်နေသည့် နေရာဖြစ်သည်။