လောပိတအနီးတစ်ဝိုက်က စစ်ဘေးရှောင်တွေ အရေပြားအနာဖြစ်နေ

လောပိတအနီးတစ်ဝိုက်က စစ်ဘေးရှောင်တွေ အရေပြားအနာဖြစ်နေ
ဘောလခဲခရိုင်အတွင်းက တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တချို့။ (ပုံဟောင်း အသုံးပြုထားခြင်း ဖြစ်သည်။)
ဘောလခဲခရိုင်အတွင်းက တိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်တချို့။ (ပုံဟောင်း အသုံးပြုထားခြင်း ဖြစ်သည်။)

ကယား (ကရင်နီ) ပြည်၊ လွိုင်ကော်မြို့နယ်အတွင်းက လောပိတကျေးရွာ အုပ်စုအတွင်းကို တိမ်းရှောင်လာကြတဲ့ ဘောလခဲခရိုင်အတွင်းက စစ်ဘေးရှောင်လူထုတွေဟာ လက်ရှိမှာ အရေပြားယားယံပြီး အဖုတွေထွက်ကာ အနာတွေ ဖြစ်ပွားနေတယ်လို့ အဲ့ဒီဒေသဘက်မှာနေတဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ဒါ့အပြင် အလှူရှင်တွေ မရောက်ရှိလာတာကြောင့်လည်း စားနပ်ရိက္ခာ အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်လူထုတွေက ပြောပါတယ်။

လောပိတကျေးရွာအုပ်စုအတွင်းကို တိမ်းရှောင်နေတဲ့ ဒေသခံတစ်ဦးက “သက်ကြီးရွယ်အိုနဲ့ ကလေးက ပိုပြီး အဖြစ်များတယ်ပေါ့နော်။ သူတို့ အခုလက်ရှိ ဖြစ်နေတာက ခန္ဓာကိုယ်မှာ ယားပြီးတော့ အဖုလေးတွေ ပေါက် တယ်ပေါ့နော်။ တောထဲ၊ တောင်ထဲမှာ သွားအိပ်တာ ခြင်ထောင်တို့နဲ့ မအိပ်ရခါကျတော့ အဲ့ချိန်ကနေ စပြီးတော့ ဖြစ်ကြတာပေါ့နော။ ဖြစ်ကြတော့ သက်ကြီးရွယ်အိုပိုင်းမှာ ထမင်းလည်း ပုံမှန်မစားရတဲ့ ကာလတွေ ရှိခဲ့တယ်။ ပြီးတော့ နောက်တစ်ခုက တချို့ သက်ကြီးရွယ်အိုတွေ ထမင်းတောင် မစားနိုင်တဲ့ သူတွေ ရှိတယ်။ အဲ့လို အခြေ အနေတွေ ဖြစ်သွားတော့ နောက်ပိုင်း သူတို့ အာဟာရမပြည့်မှီတာလည်း ပါတယ်” လို့ ပြောပါတယ်။

ဆေးဝါး လုံလောက်မှု မရှိတာကြောင့်နဲ့ ကုသဖို့ အခက်အခဲ ရှိနေတာကြောင့် သက်ကြီးပိုင်းဖြစ်တဲ့ အမျိုးသမီး တစ်ဦးနဲ့ အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက အသက်ဆုံးရှုံးသွားခဲ့ပါတယ်။

“အချိန်မှီဆေးကုသ ခံယူမှုမရခဲ့တော့ အဲ့ဒီသက်ကြီးရွယ်အိုနှစ်ဦးလည်း ဆုံးသွားတယ်ပေါ့နော်။ ကလေးတွေဆို အခုချိန်ထိ ဖျားနာနေတုန်းပဲပေါ့နော။ အခုလက်ရှိကတော့ ကျမတို့ ရပ်ရွာမှာရှိတဲ့ အရင်ကတည်းက ကုပေးနေ ကျ ဆရာမ တစ်ယောက်နဲ့ပဲ သူ့မှာ ရှိတဲ့အရာလေးတွေနဲ့ဘဲပေါ့နော။ ဆေးတွေကတော့ လုံလောက်မှု မရှိတဲ့ အပြင် ရှိကို မရှိတာပေါ့နော်။ အဲ့ကြောင့် အရင်ကတည်းက သူ့မှာ ရှိခဲ့တဲ့ အရာနဲ့ပဲ သူသုံးပြီး ကုသပေးနေ တယ် ပေါ့” လို့ အဆိုပါ ဒေသခံက ဆက်ပြောပါတယ်။

လောပိတ ကျေးရွာအုပ်စုအတွင်း တိမ်းရှောင်နေကြရတဲ့ စစ်ရှောင်တွေဟာ စတင်တိမ်းရှောင်ကတည်းက ကျေးရွာကို တစ်ခါမှ ပြန်ခွင့်မရဘူးလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ဒါကြောင့်လည်း စားနပ်ရိက္ခာအတွက် လိုအပ်ချက်က ပိုမိုများပြားနေတာဖြစ်တယ်လို့ လောပိတဖက်မှာ တိမ်း ရှောင်နေကြသူတွေက ပြောပါတယ်။ ပြည်တွင်းက သက်ဆိုင်ရာအဖွဲ့အစည်းတွေအပြင် နိုင်ငံတကာတွေအနေနဲ့ စစ်ဘေးရှောင်နေရတဲ့ ကရင်နီပြည်က လူထုတွေကို စားနပ်ရိက္ခာအတွက် အဓိက အဆင်ပြေအောင် ကူညီ ဆောင်ရွက်ပေးစေချင်တယ်လို့ ဒီးမော့ဆိုမြို့နယ် ဒေါတငူးကျေးရွာမှ တိမ်းရှောင်သွားတဲ့ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“စားဝတ်နေရေးအတွက်ပေါ့ အဆင်ပြေအောင် လုပ်ပေးစေချင်တယ်ပေါ့။ အဲ့ဒီစစ်ဘေးရှောင်တွေ အတွက်ကို လေ။ တချို့ကျလည်းနော ကျန်းမာရေးမကောင်းတာလည်း ရှိတယ်။ စားစရာ မရှိတာလည်း ရှိတယ်။ အဲ့လိုမျိုး တွေ ဖြစ်နေတဲ့အခါမှာ ကလေးငယ်တွေ ရှိတဲ့အခါမှာ အခက်အခဲရှိတာပေါ့။ စားဖို့ သောက်ဖို့ အဆင်ပြေအောင် နည်းနည်းကူညီပေးရင်တော့ ကောင်းတာပေါ့” လို့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လောကထုကျေးရွာကို တိမ်းရှောင်လာကြသူတွေကတော့ မိန်းကလေးအသုံးအဆောင်ပစ္စည်းလာလှူတာ တစ်ခါ ရပြီး WFP မှ လှူဒါန်းတဲ့ ဆန်က တစ်ဦးကို ခြောက်ပြည်နှုန်း နဲ့ တစ်ခါ၊ ပိုက်ဆံတစ်ခါ လူတစ်ဦးကို နှစ်သောင်း ကျပ်သာ အလှူရရှိဖူးတယ်လို့ ဆိုပါတယ်။ လောကထုကျေးရွာကို တိမ်းရှောင်လာတဲ့ စစ်ရှောင်တွေက အိမ်ခြေ သုံးဆယ် ရှိပြီး ကျန်တဲ့ ကျေးရွာတွေတိုင်းမှာလည်း စစ်ဘေးရှောင်တွေ တိမ်းရှောင်လာကြပါတယ်။

လောပိတကျေးရွာအုပ်စုအတွင်းကို တိမ်းရှောင်နေကြသူတွေဟာ စစ်ဘေးရှောင် စခန်းလိုပုံစံမျိုးနဲ့ နေထိုင်ကြ တာမဟုတ်ဘဲ ကျေးရွာထဲက နေအိမ်တွေမှာ စုပေါင်းနေထိုင်တာ ဖြစ်ပါတယ်။ တချို့မှာ အိမ်ပိုင်ရှင်တွေက နေရာမျှပြီး နေထိုင်ကြသူရှိသလို တချို့ကလည်း အိမ်အလွတ်တွေမှာ ငှားရမ်းနေထိုင်သူတွေ ရှိတဲ့အပြင် ကျေးရွာထဲက ခြံထဲမှာ တဲထိုးနေထိုင်သူတွေလည်း ရှိနေကြပါတယ်။

ဘောလခဲနဲ့ ရွာသစ်မြို့နယ်အတွင်းက ဒေသခံတချို့အပြင် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ဒေသခံတချို့ လည်း လောပိတ ကျေးရွာအုပ်စုအတွင်းကို တိမ်းရှောင်နေကြတာ ရှိပါတယ်။

ဘောလခဲနဲ့ ရွာသစ်မြို့နယ်အတွင်းက တိမ်းရှောင်သူ ၁၃၀ ဝန်းကျင်ရှိနေပြီး ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းက တိမ်းရှောင်သူတွေကတော့ အဆင်ပြေတဲ့ ရွာတွေထဲမှာ ခိုလှုံနေကြရပြီး ပြန့်ကြဲနေတဲ့အတွက် လူဦးရေ အတိ အကျကိုတော့ မသိရှိနိုင်ဘူးလို့ အဲ့ဒီဘက်ကို တိမ်းရှောင်နေကြသူတွေက ပြောပါတယ်။

လောပိတဟာ လျှပ်စစ်ဓတ်အားစက်ရုံ တည်ရှိတဲ့ ဒေသဖြစ်ပြီး လက်ရှိမှာလည်း စစ်ကောင်စီတပ်က ထိန်းချုပ် ထားတဲ့ ဒေသလည်းဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ကရင်နီပြည်အတွင်းနဲ့ ရှမ်း-ကရင်နီနယ်စပ်ဒေသဖြစ်တဲ့ ဖယ်ခုံမြို့နယ်နဲ့ မိုးဗြဲမြို့က စစ်ဘေးရှောင် နှစ်သိန်းခွဲအထက်ရှိနေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလည်း လိုအပ်ချက် ရှိနေဆဲဖြစ်ပါတယ်။

November 1, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ နဲ့ ပင်လောင်းမြို့ နယ်စပ်မှာ နှစ်ပတ်ကျော်အထိ...
October 31, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ထဲကို  လာရောက် စစ်ဘေးတိမ်းရှောင်နေကြတဲ့...
October 30, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတချို့မှာ ၈နှစ်အောက်ကလေးငယ်တွေ...
October 29, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း – ဖယ်ခုံမြို့နယ်ရဲ့ အစပ်မှာရှိတဲ့ ကျေးရွာအများစုမှာ လတ်တလော...