ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဇီးကျွန်းကျေးရွာဟောင်းကို ရွာအမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးဖို့ အိမ်ထောင်စု ၁၀၀ ကျော် စုပေါင်းလက်မှတ်ရေးထိုးပြီး ပြည်ထဲရေးဝန်ကြီးကို စာပေးပို့လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင်လ ၁၇ ရက်နေ့မှာ အိမ်ထောင်မိသားစု ၁၀၀ ကျော်က လက်မှတ်ရေးထိုးပြီး စာပေးပို့လိုက်ကြတာလို့ ဦးဆောင်သူ တစ်ယောက်က ပြောပါတယ်။
ဦးဆောင်စာပေးပို့ခဲ့သူ တစ်ဦးက “ကျေးရွာမှာ သမိုင်းဝင် ဘုရားစေတီပုထိုးတွေရှိတဲ့အတွက်ကြောင့်ပေါ့ ထိန်း သိမ်းရမယ့်ဟာ အဲ့ဒီဇီးကျွန်းကျေးရွာသူ ကျေးရွာသားတွေမှာလည်း တာဝန်ရှိနေတာပေါ့နော်။ နာမည်ပယ်ဖျက် ခြင်းရဲ့ နောက်ကွယ်မှာ ခရိုနီတွေ ရောက်လာမှာကိုလည်း စိုးရိမ်တာပေါ့လေ။ ဇီးကျွန်းကျေးရွာက ဒီရွာသူရွာသား တွေ အားလုံးရဲ့ ထမင်းအိုးလည်း ဖြစ်တာကိုး။ အဲ့ဒီမှာပဲ စိုက်ပျိုးရေးကို အဓိကထားပြီး လုပ်ကိုင်ကြတယ်ဆို တော့လေ” လို့ ပြောပါတယ်။
ဇီးကျွန်းကျေးရွာဟောင်းမှာ ရွာသူရွာသားများရဲ့ အားကိုးအားထားရာ လယ်ယာမြေတွေ၊ စေတီပုထိုးတွေ၊ ရှေးဟောင်းအမွေအနှစ်များ ကျန်ရှိ တည်ရှိနေသေးတာကြောင့် မူလအတိုင်း ဆက်လက်ထားရှိဖို့ စာပို့တောင်းဆို ရခြင်းဖြစ်တယ်လို့ ကျေးရွာသားများက ဆိုကြပါတယ်။
ဇီးကျွန်းကျေးရွာဟောင်းဟာ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ကျော်ကတည်းက တည်ရှိခဲ့တဲ့ ကျေးရွာတစ်ရွာ ဖြစ်တဲ့ အပြင် ရှမ်းနီ(တိုင်းလျန်) တိုင်းရင်းသား လူမျိုးများ နေထိုင်ခဲ့တဲ့ ကျေးရွာတစ်ရွာလည်း ဖြစ်ပါတယ်။
“အဓိက ဦးတည်ပြီး သွားတာကတော့ ပြည်ထောင်စု ဝန်ကြီးပေါ့။ ပြည်ထဲရေးဝန်ကြီး နေပြည်တော်ပေါ့ ကျန်တာ ကတော့ ဝန်ကြီးချုပ်တို့ သိရှိဖို့အတွက်ကတော့ ဌာနတွေအားလုံးကိုတော့ မိတ္တူဖြန့်ပေးလိုက်တာပေါ့” ဒေသခံတစ်ဦးက ပြောပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနက ရွာအမည်စာရင်း ပယ်ဖျက်ဖို့ သဘောထား တောင်းခံမှုအပေါ် ရှမ်းနီလူမျိုးတွေရဲ့ သမိုင်းအမွေဖြစ်တာကြောင့် သမိုင်းမဖျောက်ဖျက်သင့်ကြောင်း နှင့် လူထုသဘောဆန္ဒကို လိုက်လျော လက်ခံ ပေးစေလိုကြောင်း ပေးပို့တင်ပြတဲ့ စာထဲတွင် ရေးသားပါရှိပါတယ်။
၁၉၇၉ ခုနှစ်မှာ ဧရာဝတီမြစ်ရေကြီးကာ ဇီးကျွန်းကျေးရွာကို ရေလွှမ်းမိုးမှု အကြီးမားဆုံးဖြစ်ပွားခဲ့ပြီးနောက် ရေတိုက်စားမှုတွေကြောင့် ရွာသူ/သားတွေ မြစ်တစ်ဖက်ကမ်း မြစ်ကြီးနားမြို့ကို တဖြည်းဖြည်း ပြောင်းရွေ့ရင်း ၂၀၀၄ ခုနှစ်တွင် အပြီး ပြောင်းရွေ့ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက မတ်လ ၂၈ ရက်နေ့မှာ ရွာ အမည် ပျက် စာရင်းသွင်းရန် သဘောတူကြောင်း လက်မှတ်ရေးထိုးဖို့ ကျေးရွာဒေသခံတွေဆီကို စာပေးပို့ခဲ့တာ ဖြစ်ပါ တယ်။