ဘီးလင်းတွင် စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် ဒေသခံ သုံးဦးသေဆုံး၊ တစ်ထောင်ကျော် စစ်ဘေး ရှောင်နေရ

ဘီးလင်းတွင် စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် ဒေသခံ သုံးဦးသေဆုံး၊ တစ်ထောင်ကျော် စစ်ဘေး ရှောင်နေရ

ကရင်အမျိုးသား အစည်းအရုံး - KNU၊ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ၊ ဒူးသထူး (သထုံ) ခရိုင်၊ ဘီးလင်းမြို့နယ် ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်လာပြီး လက်နက်ကြီးနှင့် ပစ်ခတ်မှုများကြောင့် ဒေသခံ သုံးဦးသေဆုံးပြီး တစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်များသည် ဘီးလင်းမြို့နယ်အတွင်းရှိ ငှက်ပျောတော၊ ကရဝေးဆိပ်၊ ရှမ်းစု၊ ချမ်းမြေ့နှင့် ဇီးကုန်း စသည့် ကျေးရွာများဘက်သို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာ၍ ဒေသခံ တစ်ထောင် ကျော်ပါ စစ်ဘေးတိမ်းရှောင်ခဲ့ကြရသည်။

“ပထမက စစ်ကြောင်းထိုးလာတော့ အဲ့ရွာတွေက အကုန်ရှောင်ကြတယ်။ လက်နက်ကြီးပစ်တာ ဈေးသည် လင်မယားနဲ့ရွာသားတစ်ယောက် သေသွားတယ်။ ဇီးကုန်းရွာ လမ်းမပေါ်မှာ တစ်ယောက် ဆိုင်အဝင်ဝမှာ တစ်ယောက် ဘယ်သူမှတော့ သွားပြန်ကြည့်မရဲသေးဘူး။ ဒေသခံတွေက ညတွင်းချင်း မိုးထဲရွာထဲ ပြေးရတော့ လောလောဆယ် လိုအပ်ချက်တွေရှိတာပေါ့” ဟု ဘီးလင်းဒေသခံက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ဇူလိုင်လ (၁၅) ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပစ်ခတ်ဝင်ရောက်လာပြီူနောက် ကရဝေးဆိပ်နှင့် ဇီးကုန်းကျေးရွာတို့တွင် တပ်စွဲထားကာ လက်နက်ကြီး များ ပစ်ခတ်ခဲ့သဖြင့် အမျိုးသမီး တစ်ဦးအပါအဝင် ဒေသခံ (၃) ဦး ထိမှန် သေဆုံးခဲ့သည်ဟု ဘီးလင်းဒေသခံများ က ပြောသည်။

ဇူလိုင်လ ၁၆ ရက်နေ့က ရွာသားများသည် ထိုစစ်ကြောင်း ပြန်လည်ထွက်ခွာသွားပြီ အထင်နှင့် ကျေးရွာအတွင်း သို့ ပြန်လာကြရာ စစ်တပ်က ဆက်လက်တပ်စွဲထားပြီး ရွာထဲသို့ ပြန်လာကြသော ဒေသခံများနှင့် ရွာထဲတွင် ပုန်းအောင်း ကျန်ခဲ့သော ဒေသခံအချို့အား ဖမ်းဆီးကာ ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။

အခြားဒေသခံအမျိုးသားတစ်ဦးက “အခုထိ ကရဝေးဆိပ်တံတားမှာ ရှိနေကြတုန်းပဲ။ အဲ့ဘက် တောက်လျှောက် ကို အင်အားတိုးချထားတယ်။ အဖမ်းခံထားရလို့ ပြန်လွတ်လာတဲ့ သူတွေ ပြောတာ တော်လှန်ရေး အင်အားစုတွေ ရဲ့ စခန်းတွေ အားလုံးကို တက်သိမ်းပြမယ်၊ လမ်းတစ်လျှောက်လုံး အကုန် မိုင်းတွေ ထောင်ထားမယ် စောင့်ကြည့် နေဆိုပြီး” ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်လ (၁၁) ရက်နေ့ကလည်း စစ်ကောင်စီ၏ အမြောက်တပ်ရင်း (အမတ-၃၁၄) မှ ရွှေရောင်ပြ ကျေးရွာအုပ်စုရှိ ကျေးရွာများအတွင်း လက်နက်ကြီးပစ်ခတ်ခဲ့ရာ ရွှေရောင်ပြကျေးရွာမှ ဒေသခံ နေအိမ် (၂)လုံး ထိခိုက်ပျက်စီးခဲ့ရသည်။

ထို့အပြင် ဇူလိုင်လ (၇) ရက်နေ့ကလည်း ရွှေရောင်ပြကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကြောင့် ထိမှန်ဒဏ်ရာရရှိခဲ့သော ဒေသခံ (၆) ဦးအနက် နော်တင်အေးအမည်ရှိ အမျိုးသမီးတစ်ဦးသည် ပြင်းထန် ဒဏ်ရာ ဖြင့် သေဆုံးခဲ့ကြောင်း ကေအဲန်ယူ၏ ဇူလိုင်လ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

အလားတူ စစ်အာဏာသိမ်းမှု နောက်ပိုင်း KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ ဒူးသထူ (သထုံ) ခရိုင်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသော အရပ်သား ၃၂ ဦးရှိနေပြီး ထိခိုက် ဒဏ်ရာ ရရှိသူ ၈၃ ဦးအထိရှိကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG ယခုလ ထုတ်ပြန်ထားသည့် မှတ်တမ်းအရ သိရ သည်။

November 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၅)၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ခေါပုတ်...
October 31, 2024
ထိုင်းနိုင်ငံအတွင်း နေထိုင်သည့်တိုင်းရင်းသားလူမျိုးစုများအပါအဝင် အထောက်အထားရှိပြီး နှစ်ရှည်ကြာ...
October 31, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၁)/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ကျောက်ပုံ၊...
October 30, 2024
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူးစောမုတ်သုန်၊...