သက္ကယ်ပြင်ဒုက္ခသည်စခန်းတွင် လူဦးရေ ၁၀၀ ကျော် ရာသီတုပ်ကွေးဖြစ်နေ

သက္ကယ်ပြင်ဒုက္ခသည်စခန်းတွင် လူဦးရေ ၁၀၀ ကျော် ရာသီတုပ်ကွေးဖြစ်နေ
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် သက္ကယ်ပြင် ဒုက္ခသည်စခန်းမြင်ကွင်း။
၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် သက္ကယ်ပြင် ဒုက္ခသည်စခန်းမြင်ကွင်း။

ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ သက္ကယ်ပြင် မွတ်ဆလင်ဒုက္ခသည်စခန်းတွင် လူဦးရေ ၁၀၀ ကျော် ရာသီတုပ်ကွေး ရောဂါ ဖြစ်ပွားနေကြောင်း စခန်းတာဝန်ရှိသူများက ပြောသည်။

“ရာသီဥတုက မိုးရွာလိုက်နေပူလိုက်နဲ့ နေရတာအဆင်မပြေဘူး။ မိုးယိုပြီး အိပ်ခန်းတွေက အကုန်လုံး စိုစွတ် နေ တော့ အအေးမိရာကနေ ဖြစ်ကြတာများပါတယ်။ ပထမတစ်ယောက် ဖြစ်ပြီဆိုတာနဲ့ အကုန်လုံးကူးစက်ပါ တယ်” ဟု စခန်းတာဝန်ခံ ဦးဂျာကြရပ်က ပြောသည်။

အသက် ၁၀ နှစ်အောက် ကလေးငယ်နှင့် သက်ကြီးပိုင်းများတွင် ရာသီတုပ်ကွေးအဖြစ်များနေပြီး ဖျားနာခြင်း၊ နှာစေးခြင်း၊ ချောင်းဆိုး၊ ခန္ဓာကိုယ်နာကျင်ကိုက်ခဲခြင်း၊ ဝမ်းသွားခြင်း၊ ပျော့အန်ခြင်း စသည့် ဝေဒနာများကို ခံစား နေကြရကြောင်း စခန်းတာဝန်ခံက ပြောသည်။

တုပ်ကွေးဖြစ်နေသူများမှာ သက္ကယ်ပြင်ကျေးရွာရှိ ပုဂ္ဂလိကဆေးခန်းနှင့် စစ်တွေမြို့ပေါ်ဆေးခန်းများသို့ သွား ရောက်ကုသကြပြီး ငွေကြေးမတတ်နိုင်သူများမှာ ဆေးဆိုင်များမှ ဆေးများကို ဝယ်ယူသောက်သုံးနေရသည်။

 “ကလေးတစ်ယောက် စဖြစ်တာကနေ အခုဆိုရင် ကျမတို့မိသားစုတစ်စုလုံး ဖျားနေပါတယ်။ ကျမဆိုရင် ခန္ဓာကိုယ်တစ်ခုလုံး လေးလံပြီးတော့ အိပ်ရာကထလို့မရဘဲ ဖြစ်နေတယ်” ဟု ဒေါ်သိန်းမြက ပြောသည်။

ယခင်ကဆိုလျှင် ကျန်းမာရေးဌာနနှင့် နိုင်ငံတကာအဖွဲ့များက စခန်းသို့လာရောက်ပြီး ကျန်းမာရေး စောင့်ရှောက် မှုများ ပြုလုပ်ခဲ့သော်လည်း မုန်တိုင်းအလွန် လက်ရှိကာလတွင် ထိုသို့လာရောက်မှုများ မရှိတော့ကြောင်း ဒုက္ခ သည်များက ပြောသည်။

စခန်းအတွင်း တုပ်ကွေးရောဂါကူးစက်မှု များပြားနေသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ အမြန်ဆုံးလာ ပေး ရန် မွတ်ဆလင်ဒုက္ခသည်များက လိုလားနေကြသည်။

“ဆေးလာကုပေးသူလည်း မရှိပါဘူး။ ပိုက်ဆံမရှိတဲ့သူတွေဆို စပ်ဆေးသောက်ပြီး နေရတယ်။ ငှက်ဖျားဖြစ်ရင် အသက်ဆုံးရှုံးတာလည်းရှိတော့ စိုးရိမ်မိပါတယ်” ဟု စခန်းတာဝန်ခံအဖွဲ့ဝင် ဦးမောင်လေးက ပြောသည်။

သက္ကယ်ပြင် ဒုက္ခသည်စခန်းတွင် လူဦးရေ ၆,၀၀၀ ကျော်ရှိပြီး မုန်တိုင်းကြောင့် နေအိမ်အများအပြား ပျက်စီး သွားပြီး လက်ရှိအချိန်အထိ မပြုပြင်နိုင်သေး၍ မိုးရာသီကာလ အခက်အခဲများနှင့် ရင်ဆိုင်နေကြသည်။

မုန်တိုင်းလွန်ကာလ ရခိုင်ကမြို့နယ်အသီးသီးတွင် သွေးလွန်တုပ်ကွေး၊ ရာသီတုပ်ကွေးရောဂါနှင့် အဆုတ်ရောင် ရောဂါ ကူးစက်ခံရမှု များပြားလာနေကြောင်း နယ်လည့်ဆေးကုသပေးနေသည့် ဆရာဝန်တစ်ဦးက ပြောသည်။

“မုန်တိုင်းဒဏ်ကို ခံခဲ့ရသူတွေဟာ ကိုယ်ခံအားတွေ အရင်လောက်မရှိတော့ ရောဂါကူးစက်ဖို့ ပိုမြန်တယ်။ အဲဒီထဲ ကလေးတွေက ပိုပြီးဖြစ်ကြတယ်။ လသားကလေးတွေလည်း တွေ့ရတယ်။ လူကြီးတွေလောက် အဆုတ်ခုခံအား မကောင်းတော့ ကလေးတွေက ပိုဖြစ်ကြပါတယ်” ဟု သူက ပြောသည်။

မုန်တိုင်းအလွန်တွင် ရေမြောင်းများ ပိတ်ဆို့နေခြင်း၊ အမှိုက်များကြောင့် ခြင်ပေါက်ဖွားနှုန်းပိုများကာ ရာသီတုပ် ကွေး၊ သွေးလွန်တုပ်ကွေးနှင့် ငှက်ဖျားရောဂါဖြစ်ပွားမှု များလာကြောင်း ဆရာဝန်များကပြောသည်။

ဆေးရုံလာတက်သည့် ကလေးငယ်များပြားနေ၍ တချို့ဆေးရုံများ၏ ကလေးကုသဆောင်တွင် နေရာ မလုံ လောက်မှုများထိ ဖြစ်ပေါ်နေသည်။

“ကျမသမီးဆိုရင် ဖျားပြီး နှာခေါင်းက သွေးလျှံလို့ ဆေးရုံတင်ထားရတာ။ ကုတင်တွေမှာ လူနာတွေအပြည့်ပဲ။ နေရာတောင် မရှိတော့ဘူး။ ဒါကြောင့် ဆရာဝန်ကြီးက  နည်းနည်းလေးသက်သာရင် ဆေးရုံဆင်းလို့ရပြီ၊ ဆေးရုံမှာနေတိုင်းလည်း မကောင်းဘူးဆိုပြီးတော့ ပြောပြသွားသေးတယ်” ဟု စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေသည့် ကလေးမိခင်တစ်ဦးက ပြောသည်။

ရခိုင်ပြည်အတွင်း မေလ ၁၄ ရက်နေ့ မုန်တိုင်းလွန်ကာလတွင် သွေးလွန်တုပ်ကွေးနှင့် ရာသီတုပ်ကွေး ရောဂါ ဖြစ်ပွားသူ မြင့်တက်လာနေပြီး မေလမှ ဇူလိုင်လ ၁ ရက်နေ့အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၀၉ ဦး အထိ ရှိကြောင်း ပြည်နယ်ကျန်းမာရေးဌာနစာရင်းအရ သိရသည်။

မုန်တိုင်းတိုက်ခတ်မှု နှစ်လကျော်ကြာမြင့်လာသော်လည်း မုန်တိုင်းသင့်ပြည်သူများမှာ အမိုးအကာ လုံခြုံမှု အောက်သို့ မရောက်နိုင်သေးသည့်အပြင် စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ လိုအပ်နေ ဆဲ ဖြစ်သည်။

Most read this week

ပုံစာ - လေကြောင်းဗုံးကြဲမှုကြောင့် ဇူလမွတ်ဆလင်‌ကျေးရွာမှ မီးလောင်ပျက်စီးသွားသည့် နေအိမ်အချို့။    ဓာတ်ပုံ - APM
November 4, 2024
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ဇူလမွတ်ဆလင်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့်...
၂၀၂၂ ခုနှစ်က ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်မှုကြောင့် အာဏာပိုင်အဖွဲ့များ၏ ဖမ်းဆီးခြင်းခံရသည့် ရွှေ့ပြောင်းလုပ်သားများ။  ဓာတ်ပုံ - မြဝတီ&မဲဆောက်မီဒီယာ
November 4, 2024
ပြည်မဒေသအသီးအသီး၌ ရောက်ရှိနေကြသည့် ရခိုင်ဒေသခံများမှာ လုံခြုံရေးနှင့်...
နပခဌာနချုပ်၏ ကာကင်းစခန်း မဲတောင်ဗျူဟာကုန်းကို AA က အောက်တိုဘာလ ၇ ရက်တွင် အလုံးစုံသိမ်းပိုက်ပြီးနောက်။  (ဓာတ်ပုံ - AA Info Desk)
November 4, 2024
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အခြေစိုက် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏...
November 4, 2024
စစ်တွေအကျဉ်း‌ထောင်မှ ပုသိမ်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရသူများထဲတွင် နိုင်ငံရေးပုဒ်မများနှင့်...