လက်နက်ကိုင်ဆောင်မှု၊ PDF နှင့် ဆက်သွယ်မှုဖြင့် နှစ်ကရင်ရွာသား နှစ်ဦး ဖမ်းဆီးခံရ

လက်နက်ကိုင်ဆောင်မှု၊ PDF နှင့် ဆက်သွယ်မှုဖြင့် နှစ်ကရင်ရွာသား နှစ်ဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ရွာသား နှစ်ဦးကို လက်နက်ကိုင်ဆောင်မှု၊ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့နှင့် ဆက်သွယ်မှုတို့ဖြင့် စစ်ကောင်စီက ဖမ်းဆီးအရေးယူထားသည်။

ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာမှ ဝက်သားသတ်လုပ်ငန်းလုပ်ကိုင်သူ အသက် ၃၉ နှစ်အရွယ် ရဲနိုင်ဦးနှင့် ၎င်း၏ အလုပ်သမားဖြစ်သူ အသက် ၄၁ နှစ်အရွယ် သိန်းခင်တို့နှစ်ဦးကို တရားမဝင် လက်နက်ကိုင်ဆောင်မှု၊ PDF နှင့် ဆက်သွယ်ခဲ့မှုဖြင့် ဖမ်းဆီးကာ အမှုဖွင့်အရေးယူထားခြင်း ဖြစ်သည်။

 ဇူလိုင်လ ၁၆ ရက်နေ့က စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် ၎င်းတို့ ၂ဦးကို အမှုဖွင့်အရေးယူထားခြင်း ဖြစ်သည်။

“ရဲနိုင်ဦးတို့က မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းခံထားရတဲ့ အောင်မျိုးဇော်အိမ်မှာ ညဘက် သောက်စားနေကြတာကို စစ် တပ်က ဝင်ဖမ်းပြီး စစ်ဆေးလို့ သေနတ်ကိစ္စနဲ့ pdf လာနေတဲ့ကိစ္စတွေက ပေါ်တာ” ဟု နှစ်ကရင် ဒေသခံ တစ်ဦး က ပြောသည်။

အသက် ၄၁ နှစ်အရွယ် အောင်မျိုးဇော်သည် မူးယစ်ဆေးဝါးမှုဖြင့် စစ်ကောင်စီတပ်တို့က ဇူလိုင်လ ၆ ရက်နေ့ က ဖမ်းဆီးခဲ့ပြီး ၎င်းထံမှ ပစ္စတို သေနတ်တစ်လက်နှင့် ကျည် ၇ တောင့်လည်း သိမ်းဆည်းရမိခဲ့သည်ဟု လုံခြုံရေး တပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

ထို့အပြင် အောင်မျိုးဇော်သည် နှစ်ကရင်ကျေးရွာအနီးတဝိုက် လှုပ်ရှားနေသည့် PDF အဖွဲ့တို့နှင့်လည်း ဆက်သွယ် မှုရှိခဲ့သည်ဟု ဆိုပြီး အကြမ်းဖက်ဥပဒေပုဒ်မတို့ဖြင့် အမှုဖွင့်အရေးယူထားသည်။

လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက “အောင်မျိုးဇော်ကို မူးယစ်ဆေးဝါးအမှုအပြင် အကြမ်းဖက်မှု တိုက်ဖျက် ရေး ဥပဒေပုဒ်မတွေနဲ့ပါ သက်ဆိုင်ရာ နယ်မြေရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၅ ရက်နေ့က နှစ်ကရင်ကျေးရွာရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ PDF ပူပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် PDF နှင့် အဆက်အသွယ်ရှိသည်ဆိုပြီး ရွာသား ၂၀ ဦးကို စစ်ကောင်စီတပ်တို့က ဖမ်းဆီးခဲ့သည်။

ထို့နောက် ကလေးနှစ်ဦးနှင့် အမျိုးသမီး သုံးဦးတို့ကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်အမျိုးသား ၁၅ ဦးကို ဆက်လက် ဖမ်းဆီးထားကာ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့် အရေးယူထားသည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် PDF များနှင့် လက်ခံတွေ့ဆုံခဲ့သည် ဆိုကာ နှစ်ကရင်ကျေးရွာ အုပ်ချုပ်ရေးမှူးကိုလည်း စစ်ကောင်စီက ရာထူးမှ ဖြုတ်ချခဲ့သည်။

နှစ်ကရင်ကျေးရွာရဲစခန်းကို KNLA၊ PDF ပူပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အပြင် လေယာဥ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ရာနှင့်ချီသော ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ထွက်ပြေးတိမ်းရှောင်နေကြသော ပြည်သူများ ပြန်လာကြရန်နှင့် ပြန်မလာပါက အိမ်များကို ချိပ်ပိတ်သိမ်းဆည်းမည် ခြိမ်းခြောက်ခေါ်ယူနေကြောင်း ဒေသခံများက ပြောသည်။

November 1, 2024
ယခုနှစ် မွန်ပြည်နယ်စျေးကွက်အတွင်း မိုးစပါးများ ယခင်နှစ်ထက် စျေးနှုန်းကျဆင်းနေသည်ဟု ဒေသတွင်း...
October 31, 2024
မွန်ပြည်နယ်ကမ်းရိုးတမ်းတစ်လျှောက် အလုပ်လုပ်ကိုင်နေသည့် ရေလုပ်သားများ ဝမ်းပျက်ဝမ်းလျှောကူးစက်မှု...
October 30, 2024
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ ဝဲပတန်နှင့် အလှပ်ကျေးရွာတို့မှ ရေလုပ်သားများ ၅၀ ကျော်...
October 25, 2024
မွန်ပြည်နယ်အတွင်း လူမှုကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတို့ကို စစ်ကောင်စီက နိုင်ငံရေးနှင့်...