နိုင်ငံတဝန်းမှာ လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် အပြည့်အဝဆောင်ရွက်နိုင်ဖို့ အလေးထားရမယ့် လိုအပ်ချက် တွေ ရှိနေသေးတယ်လို့ စစ်ခေါင်းဆောင် ပြောဆိုမှုဟာ အရေးပေါ်ကာလ သက်တမ်းထပ်မံတိုးယူမယ့် အခြေ အနေ ဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။
ဇူလိုင် ၁၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရှေ့လုပ်ငန်းစဉ် (၅) ရပ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုသွားတာပါ။
စစ်ခေါင်းဆောင်က ရှေ့လုပ်ငန်းစဉ်ထဲက အရေးကြီးဆုံးအချက်မှာ ပြည်သူတွေရဲ့ လူမှုစီးပွား ဘဝ လုံခြုံရေး အတွက် တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေဖို့ အလေးထားရမယ့် အချက် ဖြစ် တယ်လို့ ဆိုပါတယ်။
အခုနှစ် ၇ လ နီးပါးအတွင်း ဖောက်ခွဲဖျက်ဆီးမှု ၄၈၉ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၇၈၀ ကျော် ရှိခဲ့သလို အကြမ်းဖက် ဖြစ်စဉ်တွေ လျော့သွားပေမယ့် ဆက်လက်ဖြစ်ပွားနေတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီး အပြည့်အဝ အကောင် အထည်ဖော်နိုင်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်းကတော့ အရေးပေါ်ကာလ သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် တိုင်း ပြည်တည်ငြိမ်မှု မရှိသေးတဲ့အတွက် စစ်ခေါင်းဆောင်ပြောဆိုချက်ဟာ နောက်ထပ် ၆ လ သက်တမ်းထပ်တိုးဖို့ ဖြစ်တယ်လို့ သုံးသပ်တာပါ။
“သူက (စစ်ခေါင်းဆောင်) အဲဒီအခြေအနေတုန်းက တစ်နိုင်ငံလုံးမှာ ပြည်သူလူထုက လွတ်လွတ်လပ်လပ်မဲပေးဖို့ အခြေအနေမရှိသေးလို့ဆိုပြီး သက်တမ်းတိုးယူထားတာ။ သက်တမ်းတိုးယူထားပြီးတော့ အခုခြောက်လ ပြည့်ခါ နီးတော့လည်း အခုကြည့်ရတာ အခြေအနေက ပိုကောင်းမလာဘူး။ ပိုကောင်းမလာတဲ့အတွက်ကြောင့် သက် တမ်းတိုးရုံပဲ ရှိတော့တာပေါ့”လို့ ဦးရဲထွန်းက ပြောပါတယ်။
နိုင်ငံဟာ သာမန် အခြေအနေမဟုတ်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ ခေါ်ယူခဲ့တဲ့ ကာလုံအစည်းအဝေးကနေ အရေးပေါ်ကာလသက်တမ်း ၆ လ တိုးယူထားတဲ့ စစ်ကောင် စီအနေနဲ့ လာမယ့် ဇူလိုင် ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာပါ။
ကရင်နီ အမျိုးသားတိုးတက်ရေး ပါတီ (KNPP) အတွင်းရေးမှူ (၁) ဦးအောင်ဆန်းမြင့်ကလည်း စစ်ကောင်စီအနေနဲ့ အာဏာ ဆက်လက်တည်မြဲရေး အတွက် တနည်းတဖုံ လုပ်ဆောင်မှာဖြစ်ပြီး တရားမဝင်တဲ့ အာဏာကို ဆက် ထိန်းဖို့ ကြိမ်းသေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အာဏာသိမ်းမှု ဇူလိုင်လမှာကုန်တာပဲပြောပြော၊ သူတို့တနည်းတဖုံတော့ အာဏာ ဆက်လက်တည်မြဲရေး အတွက် လုပ်လာမှာပေါ့။ လုံးလုံးကြီး (အာဏာ) လွှတ်ပေးလိုက်မှာ မရှိပါဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း သူတို့လက်ထဲမှာ ရှိတယ်လေ။ ဘယ်လောက်ပဲ အခြေခံဖွဲ့စည်းအုပ်ချုပ်ပုံမှာ ပြဌာန်းပြဌာန်း၊ အခုကလည်း ဖွဲ့ စည်းပုံထက် ကျော်လွန်ပြီးမှ သူတို့အာဏာသိမ်းထားတာပဲလေ။ ဆိုတော့ သူတို့ကလိုသလိုပဲပေါ့ သူတို့လက်ထဲ မှာ ရှိနေပါတယ်။ အဲဒီအတွက်ကြောင့် တရားမဝင်တဲ့အာဏာကို ဆက်လက်ထိန်းထားဖို့ ကြိမ်းသေပါတယ်” လို့ ဦးအောင်ဆန်းမြင့် က ပြောပါတယ်။
စစ်ခေါင်းဆောင်ကတော့ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ အဆိုးဝါးဆုံး အခြေအနေ ဖြစ် ပေါ်နေတဲ့အတွက် လုံခြုံရေးကို အခုထက်ပိုလုပ်ဖို့ လိုအပ်သလို လုံခြုံရေးတာဝန်ထမ်းဆောင်ချိန်မှာ ရဲတပ်ဖွဲ့ ဝင်တွေ ထိခိုက်သေဆုံးမှုရှိခဲ့တယ်လို့ ထုတ်ပြောသွားပါတယ်။
ရှေ့လုပ်ငန်းစဉ်တွေထဲက နောက်ဆုံးအချက်ဖြစ်တဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်တွေနဲ့အညီ ဆောင်ရွက် ပြီးစီးရင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲအပ်နိုင်ဖို့ လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို အလေးထားလုပ်ဆောင်သွားရမယ်လို့ သူက ဆိုထားပါတယ်။
ဒါပေမဲ့ နိုင်ငံတဝန်းမှာတော့ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် ခုခံတော်လှန်မှုကနေ ထိုးစစ်တိုက်ပွဲတွေ အထိ ဆင်နွှဲလာနိုင်သလို နယ်မြေတချို့ကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထားတာပါ။
သုတေသနအဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့ ISP-Myanmar ရဲ့ အဆိုအရ စစ်တပ်အာဏာသိမ်းတဲ့ အခုနှစ်မေလအထိ နိုင်ငံ အနှံ့မှာ တိုက်ပွဲပေါင်း ၉၅၀၀ ကျော်အထိ ဖြစ်ပွားထားတယ်လို့ ဇွန် ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ-MOI