မွန်ပြည်နယ်အတွင်းမှာ စစ်ကောင်စီလက်ထက် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်မှု အားနည်းခဲ့တာ ကြောင့် ရောဂါဖြစ်ပွားသူတွေများလာပြီး ဆေးရုံတွေမှာ မနိုင်မနင်းဖြစ်တယ်လို့ ဆရာဝန်တွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။
သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုအရ အခုနှစ် ဇန်နဝါရီကနေ ဇွန်လအထိ ၆ လအတွင်း ရောဂါဖြစ်ပွားသူ ၆၀၀ နီးပါး အထိရှိလာပြီး အဲဒီထဲမှာပေါင်မြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်တို့က ကလေးငယ် ၂ ဦး သေဆုံးထား ပါတယ်။
ရောဂါဖြစ်ပွားမှုအရ မေနဲ့ ဇွန်လမှာ ရောဂါဖြစ်ပွားသူ ပိုများလာပြီး တချို့ကျေးရွာတွေနဲ့ ရပ်ကွက်တွေမှာဆိုရင် ကလေးငယ်အစုံအလိုက် အပြုံအလိုက် ရောဂါကူးစက်မှုတွေ ရှိနေတာပါ။
သွေးလွန်တုပ်ကွေးရောဂါဟာ စစ်ကောင်စီလက်ထက်မှာ ကြိုတင်ကာကွယ်မှုအဖြစ် အဘိတ်ဆေးတွေကို အချိန်မီမခတ်တာ၊ ဖုံး၊ သွန်၊ လဲ၊ စစ် အသိပညာပေးမှု အားနည်းတာမှုတွေကြောင့် ရောဂါအဖြစ်များလာတာ ဖြစ်ပါတယ်။
ဆရာဝန်တစ်ဦးက “ကာကွယ်ရေးကတော့ တော်တော်လေးကို မရှိသလောက် ဖြစ်နေတာ။ ပုံမှန်ကတော့ သွေး လွန်တုပ်ကွေး ကာကွယ်တာ ကျွန်တော်တို့ လုပ်လို့မရဘူးလေ။ အဓိက ရေမြောင်းဆယ်တာတို့၊ အဘိတ်ခတ် တာတို့ ကလိုရင်းခတ်တာတို့ လုပ်ရမယ့်ဟာတွေတော့ ကျွန်တော်သိသလောက်တော့ ဒီနှစ်ထဲမှာတော့ တော် တော်လေးကို လုပ်တာ မတွေ့ဘူးခင်ဗျ။ သွေးလွန်တုပ်ကွေးက အခုတော့များနေတယ်။ ဆေးရုံမှာလည်း များ နေတယ်။ ပြင်းလားဆိုတော့ ပြင်းတယ်။ ကလေးတွေလည်း ဖြစ်တာများနေတယ်။ ကလေးအထူးကု ဆေးခန်း တွေမှာလည်း ကလေးတွေ အရမ်းပြည့်နေတယ်။ ဆေးရုံမှာတော့ ဆရာ၊ ဆရာမ မလောက်ဘူး။ မလောက်တဲ့ အခါမှာ ဆေးရုံမှာလည်း မနိုင်မနင်းတွေဖြစ်တယ်ပေါ့နော်” လို့ ပြောပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ မိုးရာသီမှာအဖြစ်များပြီး ရေကြည်ရေသန့်မှာ ပေါက်ဖွားတဲ့ အေးဒီး(စ်) ခြင်ကိုက် ရာကနေတဆင့် ကူးစက်တဲ့ရောဂါဖြစ်ပါတယ်။
သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူအများစုဟာ အသက် (၅)နှစ်မှ (၉)နှစ်ကြား ကလေးငယ်တွေမှာ အဖြစ်များ နေပြီး ရောဂါပြင်းထန်မှုရှိတာကြောင့် အချိန်မီ ဆေးကုသမှုတွေ မလုပ်ရင် အသက်သေဆုံးမှု မြင့်တက်နိုင်တယ် လို့ ဆရာဝန်တွေက သုံးသပ်ထားပါတယ်။
လက်ရှိမှာလည်း ကလေးငယ်တွေဟာ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားတာအပြင် အဆုတ်လေပြွန်ရောင် ရော ဂါပါတွဲပြီး ဖြစ်ပွားနေတာကြောင့် စိုးရိမ်ရတဲ့အခြေအနေတွေ ဖြစ်လာတယ်လို့ ဆရာဝန်တစ်ယောက်က ပြောပါတယ်။
“ဒီနှစ်က သွေးလွန်တုပ်ကွေး အပြင်ကို သူက အဆုတ်လေပြွန်ရောင်တဲ့ ရောဂါတစ်ခုပါတယ်။ ချောင်းဆိုး၊ နှာစေး ပါတွဲပြီး ပြင်းပြင်းထန်ထန်တော့ ဖြစ်တယ်။ စိုးရိမ်ရလားဆိုတော့ စိုးရိမ်ရတယ်။ ကလေးလေးတွေ အကောင်း ကြီးကနေ သွေးလွန်တုပ်ကွေးလည်း Positive ဖြစ်တယ်။ သွေးလွန်တုပ်ကွေး မပြင်းဘဲနဲ့လေ အဆုတ်လေပြွန် ရောင် ရောဂါနဲ့ပဲ သေတယ်လို့ ခေါင်းစဉ်တပ်နေတယ်တဲ့။ ပုံမှန်သွေး လွန်တုပ်ကွေးဆို ချောင်းဆိုး၊ နှာစေးက တွဲ လေ့မရှိဘူး။ ကိုယ်ပူဖျားတာနဲ့ အစက်လေးတွေပေါ်တာ၊ ကလေးမှိန်းတာ၊ အန်တာတွေပဲသူရဲ့ လက္ခဏာတွေ ပေါ့ နော်။ အဆုတ်နဲ့ပတ်သက်တဲ့ လက္ခဏာတွေသိပ်မပါဘူး။”
နှစ်မျိုးလုံးတွဲဖြစ်လာရင် ကလေးတွေအတွက် ပိုပြီးအသက်အန္တရာယ်များတယ်လို့ ဆက်ပြောပါတယ်။
ဆရာဝန်တစ်ဦးက “တစ်ခါတလေကျရင်တော့ တွဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ကတော့ အဆုတ်လေပြွန်ရောင်နဲ့ တွဲလို့ရှိရင်တော့ ကလေးတွေပိုအန္တရာယ်များတာပေါ့။ ချောင်းဆိုး၊ နှာစေး လည်းများမယ်။ သွေးလွန်တုပ်ကွေး လည်း ဖြစ်တဲ့ ကလေးတွေဆိုလို့ရှိရင်တော့ ပိုပြီးအန္တရာယ်များတာပေါ့” လို့ ပြောပါတယ်။
သွေးလွန်တုပ်ကွေးရောဂါနဲ့ တွဲဖြစ်နေတဲ့ အဆုတ်လေပြွန်ရောင် ရောဂါဟာ ပုံမှန်အဆုတ် လေပြွန်ရောင်ရောဂါရဲ့ ရောဂါပိုးသစ် တစ်မျိုးလည်း ဖြစ်နိုင်သလို ကိုဗစ်မျိုးစိတ်သစ် တစ်မျိုးလည်း ဖြစ်နိုင်ပေမယ့် စမ်းသပ် စစ်ဆေး တဲ့ စက်တွေမရှိတာကြောင့် တိတိကျကျ မသိနိုင်ဘူးလို့ သူကဆက်ပြောပါတယ်။
လက်ရှိကာလဟာ သွေးလွန်တုပ်ကွေး ရောဂါ အဖြစ်များတဲ့ ရာသီဖြစ်တာကြောင့် ကလေးတွေ ဖျားနာလာပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေကို အချိန်မီပြသဖို့ လိုအပ်ပြီး အချိန်မီကုသမှု မခံယူပါက ရောဂါပြင်းထန်ပြီး အသက်သေဆုံးတဲ့ အထိ ဖြစ်နိုင်တာကြောင့် အထူးသတိထားကြဖို့ ဆရာဝန်တွေက တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ-TLT/CJ