ချင်းပြည်နယ်၊ ဟားခါးမြို့နှင့် ထန်တလန်ကြား သီမြစ်လွင်ပြင်အနီးမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေ တစ်ပတ်နီးပါးကြာ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားရာ စစ်ကောင်စီက အယောက် ၂၀ ခန့် သေ ဆုံးပြီး အယောက် ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး တာဝန်ရှိသူက ပြောသည်။
ဇူလိုင်လ ၃ ရက်နေ့မှာ ၈ ရက်နေ့အထိ နှစ်ဖက်ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲတွင်း အခြေအနေနှင့် ပတ်သက်၍ ချင်းအမျိုးသားတပ်ဦး (CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ယခုကဲ့သို့ ပြောသည်။
“အခုတိုက်ပွဲမှာ ဇူလိုင် ၃ ရက်ကနေ ၈ ရက်ကြား တိုက်ပွဲအခြေအနေက ကျနော်တို့ဘက်က ၆ ဦး ဒဏ်ရာရရှိ တယ်။ သူတို့ဘက်က ၂၀ ကျော်လောက် အထိအခိုက်ရှိတယ်။ သူတို့ဘက်က ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံ ရောက်တာက ၄၂ ယောက်ရှိတယ်လို့ သိရတယ်။ လက်ရှိမှာက သူတို့က နောက်ဆုံးရောက်ရှိလာတဲ့ စစ်ဆင်ရေး ရှိတဲ့ နေရာကနေ ပြန်ဆုတ်သွားတယ်။ ဒါပေမဲ့ ဟားခါးထိ ပြန်သလားတော့ မသိဘူး” ဟု ဆလိုင်းထက်နီက ပြော သည်။
မေလကုန်ပိုင်းမှ စတင်၍ ဟားခါးမှ ထန်တလန်ဘက်ကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်သည် ဇူလိုင် လဆန်းပိုင်းတွင် စစ်ရေး ပြန်လည်လှုပ်ရှားရာမှ နှစ်ဖက်ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက် ကြီး ပစ်ကူများဖြင့် တိုက်ခိုက်ခြင်း၊ ဂျက်ဖိုက်တာဖြင့် ၃ ကြိမ်လာရောက် ဗုံးကြဲခြင်းပြုလုပ်ခဲ့သည်။
ဟားခါးမှ ထန်တလန်ဘက်ကို တပ်ရင်း ၅ ရင်းအသုံးပြု၍ စစ်ကြောင်း တစ်ကြောင်းလျှင် အင်အား ၁၅၀ ခန့်ဖြင့် စစ်ကြောင်းနှစ်ကြောင်းခွဲကာ ထိုးလာခဲ့ပြီး တိုက်ပွဲများ ပြင်းထန်ခဲ့ရာ စစ်ကောင်စီက ထိခိုက်ကျဆုံးများပါက ဟားခါးဘက်မှ စစ်ကူများ ထပ်မံဖြည့်တင်းကာ တိုက်ခိုက်သည်ဟု ဆိုသည်။
ထိုတိုက်ပွဲများမှ လက်နက် ၄ လက်နှင့် ကျည်ဆန် တစ်ထောင်ကျော်ကို သိမ်းဆည်းရမိခဲ့ပြီး အထိနာသော စစ်ကောင်စီတပ်များသည် စစ်ကြောင်းနှစ်ကြောင်း ပြန်လည်ပူးပေါင်းကာ တပ်ပြန်ဆုတ်သွားသည်ဟု CNA ပြောခွင့်ရက ပြောသည်။
“အဓိကက သူတို့ မီးရှို့ထားတဲ့ ထန်တလန်မြို့ပေါ်က အထိုင်စခန်း တပ်စခန်းကို အင်အားဖြည့်ချင်တာ ဖြစ်တယ်။ အဲ့ဒီလို အင်အားဖြည့်မှသာ အဲ့ဒီဘက်ကို နယ်မြေစိုးမိုးဖို့ တဖြည်းဖြည်းချင်း အဲ့ဒီလိုမျိုးနဲ့ ချဲ့ထွင်လာမယ်လို့ မြင် တယ်။ သူတို့ရဲ့ ထန်တလန် စစ်ကောင်စီ လက်ကျန်တွေကို အင်အားထပ်ဖြည့်ချင်လို့ ဒီလို စစ်ဆင်ရေး လုပ်လာ တာ” ဟု CNF/CNA ပြောခွင့်ရ ဆလိုင်းထက်နီက သုံးသပ်သည်။
စစ်ကောင်စီသည် ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး ဟားခါမြို့မှ မေလကုန်ပိုင်း ကတည်းက စစ် ကြောင်းထိုးလာရာ သီမြစ်လွင်ပြင်၊ လုံခါးတောင်အနီး တဝိုက်များတွင် ချင်းကာကွယ်ရေး ပူးပေါင်းတပ်များနှင့် မကြာခဏ တိုက်ပွဲပြင်းထန်ခဲ့ကြသည်။
မိုးရာသီတွင် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာနိုင်သည်ဟု ချင်းတော်လှန်ရေး အင်အားစုများက သုံးသပ်ကြသည်။
ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတို့ကို မကြာခဏ ခံနေရသော ချင်းပြည်သူများ အနေဖြင့် ဗုံးခို ကျင်းများ တူးထားကြရန်လည်း ချင်းကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထုတ်ပြန်ထားသည်။
Photo - The Chin Journal