ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ဘက်ကို စစ်အင်အားဖြည့်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ဂတ် မိုင်ယန် (Gat Mai Yang) နဲ့ ဂျာပူကျေးရွာကြား ကြားဖြတ်တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။
ရွှေညောင်ပင် စစ်တပ်ဂိတ်မှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဇူလိုင် ၁၂ ရက်နေ့ ဒီနေ့ မနက် ၈ နာရီ လောက်မှာ ဂျာပူကျေးရွာအနီး KIA ဘက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မွန်းလွှဲပိုင်း အချိန်ထိ တိုက်ပွဲဖြစ်ပွား နေကြောင်း ဒေသခံတွေက ပြောပါတယ်။
“ပြီးခဲ့တဲ့ရက်က မြစ်ကြီးနား၊ ဝိုင်းမော်ဘက်ကနေ စစ်ကြောင်း ရွှေညောင်ပင်ထိရောက်ထားတယ်။ စစ်အင်အား ဘယ်လောက်လဲတော့ မသိဘူး။ အဲ့ကနေ ဆက်ချီတက်လာပုံ ရတယ်။ အခုဂျာပူနဲ့ ဂတ်မိုင်ယန်ကြားမှာ အသား ကုန်ပစ်နေကြတယ်။ ဒီမနက် ၈ နာရီကနေ စကြားပြီ။ ခုထိ လက်နက်ကြီးတွေနဲ့ ပစ်နေကြတုန်း” လို့ ဝိုင်းမော် ဘက်ကို ရောက်နေတဲ့ ဂျာပူဒေသခံတစ်ဦးက ပြောပါတယ်။
ဂျာပူကျေးရွာမှာ တောင်ယာအခင်းလုပ်ကိုင်ရင်း နေထိုင်နေတဲ့ ဒေသခံတချို့ရှိနေသေးတာကြောင့် စိုးရိမ်မှုတွေ လည်း ရှိနေတယ်လို့ ပြောပါတယ်။
ဝိုင်းမော်-လိုင်ဇာကြား နမ်ဆန်ယန်ကျေးရွာဘက်ကို စစ်ကောင်စီ စစ်ကြောင်းဟာ မြစ်ကြီးနား-ဝိုင်းမော်ဘက် က နေ တစ်ကြောင်း၊ ဧရာ၀တီမြစ်ကြောင်း အနီး တာလောကြီးဘက်ကနေ တစ်ကြောင်း၊ ဗန်းမော်ဘက်ကနေ တစ်ကြောင်းနဲ့ စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။
“ဒီ ၃ ရက်တာ အတောအတွင်းတော့ ခဏငြိမ်နေတာဟုတ်တယ်။ ဒါပေမဲ့ အခု ဗန်းမော်၊ တာလောကြီးနဲ့ မြစ်ကြီး နားဘက်ကနေ စစ်ကြောင်းတွေ ဒီဘက်ကို အင်အားဖြည့် ထပ်ချီတက်လာနေပြီ ကြားတယ်။ ဒီမနက် အစောက တည်းကနေ ဂါးရာယန်ကနေ စစ်ကြောင်းဖြတ်လာတာ အခုဂျာပူမှာ ကြားဖြတ် တိုက်ခိုက်နေပုံရတယ်” ဟု နမ် ဆန်ယန် ကျေးရွာဒေသခံ တစ်ဦးက ပြောပါတယ်။
ဇူလိုင် ၁၁ ရက်နေ့၊ မနေ့ညအချိန်ထိတော့ နမ်ဆန်ယန်ကျေးရွာ တဝိုက် လေယာဉ် လာရောက် ပျံဝဲသွားမှုတွေ ရှိ တယ်လို့ သူကဆိုပါတယ်။
မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်ရှိ နမ်ဆန်ယန်ကျေးရွာ အနီး တောင်တဝိုက် စစ်တပ်က အထိုင်စခန်း ချချင် တာကြောင့် အဘက်ဘက်ကနေ စစ်ကြောင်း ဆက်ထိုးနေပြီး ဆက်လက်တင်းမာနေတာ ဖြစ်တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
နမ်ဆန်ယန်အလွန် လိုင်ဇာအနီးကိုလည်း စစ်ကောင်စီစစ်ကြောင်းက အင်အားထပ်ဖြည့်ထားတယ်လို့ ဆိုကြ ပါ တယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ ကတည်းက နမ်ဆန်ယန် အနီးတဝိုက် စစ်တပ်နဲ့ KIA တို့အကြား တိုက်ပွဲ ပြင်းထန် လတာကြောင့် ဒေသခံပြည်သူတွေဟာ မြစ်ကြီးနား၊ ဝိုင်းမော်၊ လိုင်ဇာ ဘက်တွေဆီ ထပ်မံ ထွက်ပြေး တိမ်းရှောင် နေကြရပါတယ်။