မိုင်းပျဉ်းမြို့ စစ်ကောင်စီဂိတ်က ထိုင်းထုတ်ကုန်တင် လိုင်းကားများအား ဖမ်းဆီး ငွေညှစ်

မိုင်းပျဉ်းမြို့ စစ်ကောင်စီဂိတ်က ထိုင်းထုတ်ကုန်တင် လိုင်းကားများအား ဖမ်းဆီး ငွေညှစ်

သျှမ်းပြည်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ထိုင်းထုတ်ကုန်များ တင်လာသည့် လိုင်းကားများကို ဖမ်းဆီးပြီး ငွေတောင်းနေသည်ဟု ကားသများနှင့် ကုန်သည်များက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မိုင်းပျဉ်းမြို့ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ယခင်ထက် စစ်ဆေး ရေး တင်းကြပ်လာပြီး ထိုင်းထုတ်ကုန်တင်လာသည့် လိုင်းကားများကို အခွန်မဆောင် (ဂျူတီမဲ့) ပစ္စည်းများ တင်လာသည်ဟု ပြောဆိုကာ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း ကားသမားများက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ဂျူတီမဲ့ (အခွန်မဆောင်) ပစ္စည်းတင်လာလို့ ဖမ်းတယ်လို့ ပြောတာပဲ။ သူတို့ဖမ်းပြီဆိုရင် ကုန်ပစ္စည်းဈေးနှုန်းကို ပေါက်ဈေးအတိုင်း ပြန်ရွေးခိုင်းတာ။ ပြီးတော့ ဈေးနှုန်းအတိုင်း နိုင်ငံတော်ကို အခွန် ၃ ရာခိုင်နှုန်း ဆောင်ခိုင်း တယ်။ ပြီးတော့ ကားကိုလည်း ကုန်ပစ္စည်းဈေးနှုန်းပေါက်သလို ရွေးခိုင်းတယ်“ ဟု အဆိုပါ ဒေသတွင် ပြေးဆွဲနေ သည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လိုင်းကားတစ်စီး ကုန်ပစ္စည်း တန်ဖိုး ကျပ်သိန်း ၁၀၀ ခန့် တင်ဆောင်လာပါက အခွန်မဆောင်သည့်ပစ္စည်း တင် လာသည်ဟုဆိုပြီး ကုန်ပစ္စည်းကို ပေါက်ဈေးအတိုင်း ကျပ်သိန်း ၁၀၀ ဖြင့် ပြန်ရွေးယူနေကြရကြောင်း၊ ကားကို လည်း ကုန်ပစ္စည်း ပေါက်ဈေးအတိုင်း ကျပ်သိန်း ၁၀၀ ဖြင့် ပြန်ရွေးခိုင်းနေသဖြင့် စုစုပေါင်း ကျပ်သိန်း ၂၀၀ ကုန်ကျကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကားသမားက ပြောသည်။

စစ်ကောင်စီမှ သတ်မှတ်ထားသော အခွန်မဆောင်သည့် ထိုင်းနိုင်ငံထုတ် စားသောက်ကုန်၊ ကုန်ကြမ်း၊ အသား၊ သစ်သီး၊ အလှကုန် စသည်ဖြင့် အမျိုးပေါင်း ၁၀၀ ကျော်ရှိနေသည်ဟု ဆိုကြသည်။

“အဲ့ကုန်တွေကို နယ်စပ်တံတားပေါ်ကပဲ အခွန်ဆောင်ပြီး ကူးလာကြတာ။ ဖမ်းရင် လိုင်စင်မဲ့ကားတွေကို ဖမ်းရမှာ လေ။ အခုက လိုင်းကားတွေကို ဖမ်းနေတာ။ ကုန်တွေကို ဖမ်းနေတာ မဟုတ်သေးဘူး။ ကားသမားတွေ မွဲအောင် လုပ်နေတာ။ တရားဝင် နိုင်ငံတော်ကို အခွန်ဆာင်ပြီး ပြေးဆွဲနေတဲ့ လိုင်းကားတွေကိုပဲ လာ လာဖမ်းနေတော့ အဖမ်းခံရတဲ့ ကားဆရာနဲ့ အုံနာတွေက နစ်နာတာ” ဟု လိုင်းကားပြေးဆွဲနေသူ အမျိုးသားက ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်နယ်အတွင်းရှိ ကားလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်က စစ်ဆေးရေးဂိတ်များ ယခင်ထက် ပိုမိုတိုးချဲ့လာနေပြီး ခရီးသွားပြည်သူများ၊ ကုန်တင်ကားများ၊ လိုင်းကားများကို အကြောင်းပြချက် အမျိုးမျိုးဖြင့် ငွေတောင်းခံမှုများ လုပ်ဆောင်နေကြသည်ဟု ကားသမားများနှင့် ဒေသတွင်း ခရီးသွား ပြည်သူများက ပြောသည်။

November 5, 2024
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ်တွင် နေ့စဉ်နှင့်အမျှ တိုက်ပွဲများပြင်းထန်နေပြီး...
November 5, 2024
သျှမ်းပြည်၊ သိန္နီမြို့တွင် ကိုးကန့်တပ်မတော် MNDAA က မူးယစ်ဆေးဝါးအကြောင်းပြပြီး အရပ်သားများကို...
တောင်ကြီးမြို့ပေါ်ပုံ နှင့် တောင်ကြီး တန်ဆောင်တိုင်ပွဲ ပုံဟောင်း
November 4, 2024
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့အတွင်း လူငယ်များဖမ်းဆီးခံရသည့် ကိစ္စများ ယခုရက်ပိုင်းအတွင်း...
November 1, 2024
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ...