ကရင်ပြည်နယ်၊ သံတောင်မြို့ (၁၃) မိုင်တွင် ဒေသခံ အမျိုးသားလူငယ် (၂) ဦး စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပြီး နေအိမ် (၄) လုံးကိုလည်း ထပ်မံ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
သံတောင်မြို့တွင် ဇူလိုင်လ (၇) ရက်နေ့က နယ်မြေခံ တော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီတို့ ထိတွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက မြို့တွင်းရှိ ဒေးမူလောရပ်ကွက်နေ အသက်(၃၀) နှစ် အရွယ် အမျိုးသားတစ်ဦးအား တော်လှန်ရေးတပ်ဖွဲ့များနှင့်ပတ်သက်မှုရှိသည်ဟု စွပ်စွဲ၍ နေအိမ်အတွင်းဝင်ရောက် သတ်ဖြတ်ခဲ့သည်။
အလားတူ ဇူလိုင်လ (၈) ရက်နေ့ကလည်း ပျားစခန်းကျေးရွာမှ သံတောင်မြို့သို့ ပြန်လာသော အသက် (၂၅) နှစ် အရွယ် အမျိုးသားတစ်ဦးအား ထပ်မံပစ်သတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
“နှစ်ယောက်လုံးက သံတောင်မြို့သား သာမန်ပြည်သူတွေပါ။ ဘယ်အဖွဲ့ကမှ မဟုတ်ပါဘူး။ ပထမတစ်ယောက် ကိုတော့ ရွာဘက်ပြန်သယ်ပြီး သင်္ဂြိုဟ်တယ်။ နောက်တစ်ယောက်က သူသေတဲ့နေရာမှာ စစ်တပ်က PDF ဆိုပြီး ပုံမှားရိုက်လို့ရအောင် သေနတ်တစ်လက် ထားခဲ့တော့ အလောင်းတောင် သွားမကောက်ရဲဘူး။ ပြည်သူတွေပဲလေ ဆိုပြီး အေးအေးဆေးဆေး ဆိုင်ကယ်နဲ့ အိမ်ပြန်လာတာကို လမ်းမှာ ပစ်သတ်ခံရတာ” ဟု ၎င်းတို့နှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ဇူလိုင်လ (၇) ရက်နေ့က ဘုရားကျောင်းအနီးရှိ ဒေသခံများ ပိုင်ဆိုင်သော နေအိမ် (၄)လုံးအားလည်း ကရင်အမျိုးသား အစည်းအရုံး-ကေအဲန်ယူမှ တာဝန်ရှိသူအချို့၏ နေအိမ်ဟုဆိုကာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလိုက်ကြောင်း မျက်မြင်တွေ့ရှိသူ အမည်မဖော်လိုသော ဒေသခံတစ်ဦးက ပြောသည်။
“အုတ်နံရံမှာ ဖားစည်ပုံ အမှတ်တံဆိပ် ပန်းချီပုံဖော်ထားတာတွေ့လို့ KNU လူကြီးအိမ်ဆိုပြီး စစ်တပ်က မီးရှို့ လိုက်တာ။ ဘုရားကျောင်းနားက တိုက်အိမ်တွေပေါ့။ ဘယ်အဖွဲ့အစည်း အိမ်မှမဟုတ်ဘူး၊ ဒေသခံ အိမ်တွေ ချည်းပဲ” ဟု ကေအိုင်စီသို့ ပြောသည်။
သံတောင်မြို့တွင် ယခုနှစ် အစောပိုင်းက နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ဒေသံအများစုမှာ နေရပ် ကို စွန့်ခွာထွက်ပြေးခဲ့ကြရာမှ စပြီး မြို့တွင်းကျန်ရှိသော နေထိုင်သူများနှင့် ဖြတ်သန်းသွားလာသူများ အပေါ် စစ်ကောင်စီက မကြာခဏ ဖမ်းဆီးစစ်ဆေးခြင်း၊ ထိန်းသိမ်းခြင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သည်ဟု စွပ်စွဲ၍ ပစ်သတ်ခြင်းများ လုပ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။
ထို့အပြင် ဖေဖော်ဝါရီလ (၄) ရက်နေ့မှ လက်ရှိအချိန်ထိ ကေအဲန်ယူ အဖွဲ့ဝင် နေအိမ်များ၊ ဘာသာရေး ခေါင်း ဆောင်များ၏ နေအိမ်များ အပါအဝင် ဒေသခံနေအိမ်များအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များ ခိုအောင်း နေသည်ဟု စွပ်စွဲ၍လည်း မီးရှို့ဖျက်ဆီးမှုများ ရှိနေသည်။
ထို့အပြင် KNU ခေါင်းဆောင်ပိုင်း အချို့၏ နေအိမ်ဟု ပြောဆို၍ သော်လည်းကောင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီး ခဲ့ရာ စုစုပေါင်း နေအိမ် ၂၄ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံလိုက်ရပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
Photo: Crd.